နယ်ခြားစောင့်တပ် ဆွေးနွေးပွဲ အဆုံးသတ်ပြီလော

နယ်ခြားစောင့်တပ် ဆွေးနွေးပွဲ အဆုံးသတ်ပြီလော
by -
စိုင်းမျိုးကြီး
နယ်ခြားစောင့်တပ်အရေး ဧပြီလ ၂၂ ရက်နေ့က နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုသည် နောက်ဆုံးအကြိမ် ဖြစ်ကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကို မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက....

နယ်ခြားစောင့်တပ်အရေး ဧပြီလ ၂၂ ရက်နေ့က နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမှုသည် နောက်ဆုံးအကြိမ် ဖြစ်ကြောင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကို မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ပြောကြားလိုက်သည်။

ဧပြီ ၂၂ နှင့် ၂၃ ရက်နေ့များက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်၌ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် ကေအိုင်အိုကိုယ်စားလှယ်တို့ နယ်ခြားစောင့် ကိစ္စ တွေ့ဆုံဆွေးနွေးကြစဉ် တိုင်းမှူးက ထိုသို့ ပြောကြားလိုက်ကြောင်း ကေအိုင်အိုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီဆွေးနွေးပွဲမှာ တိုင်းမှူးစိုးဝင်းက နယ်ခြားစောင့်တပ်ကိစ္စ ခင်ဗျားတို့နဲ့ဆွေးနွေးတာ ဒါနောက်ဆုံးပဲ အသွင် ကူးပြောင်းရေး ဆိုတာကို ကျနော်တို့လည်း လက်ခံတယ် ဒါပေမဲ့ ကေအိုင်အိုက တင်ပြတာကို အထက်ကိုပြန် ပြီးတင်ပြမယ် အထက်က ဆုံးဖြတ်ချက်အမိန့်ကိုပဲ စောင့်ကြတာပေါ့လို့ ကေအိုင်အိုကိုယ်စားလှယ်တွေကို ပြောခဲ့တယ် ”  ဟု သူက ပြောသည်။

KIA အရာရှိတဦး (Photo: www.panoramio.com)

ကေအိုင်အိုအား နယ်ခြားစောင့်တပ်ကိစ္စ ယခုလ ၂၂ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် ရာဇသံပေး ထားရာ  မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုတို့ ၎င်းနေ့က ထပ်မံ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲအတွင်း ကေအိုင်အိုအနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ရေးကို လက်မခံပဲ အသွင်ကူးပြောင်း ရေးအတွက် ဆက်လက်ဆွေးနွေးသွားရန် နအဖ မြောက်ပိုင်း တိုင်း မှူးထံ တင်ပြခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ် ဧပြီ ၂၈ ရက် မှစ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖက အဆိုပြုခဲ့ရာ တစ်နှစ်တာ ကာလအတွင်း ကေအိုင်အိုနှင့်နအဖတို့ တွေ့ဆုံဆွေးနွေးမှု ၁၆ ကြိမ်ရှိခဲ့ကြောင်း သိရသည်။

Most read this week