အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့် တိုက်ပွဲဖြစ်လျှင် လားဟူ BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ် အဖြစ်အသုံးပြုရန်အတွက် ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။
“ဒီအပတ်ထဲဘဲ စတင် ထွက်ပြေးကြတယ်။ ဆယ်ဂဏန်းလောက်ရှိမယ်။ အိမ်ပြန်ပြီး ဘိန်းခြံဘဲလုပ်တော့မယ် ပြောတယ်”- ဟု ထွက်ပြေးသည့်လားဟူ တပ်သားသစ် အချို့နှင့် ရင်းနှီးသည့် သျှမ်း - လားဟူ ကပြားတဦးက ပြောပါသည်။
ဧပြီ ၁၉ ရက် မိုင်းတုံမြို့နယ် ပုံပါကျင်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက လားဟူ (ပြည်သူ့စစ်) နယ်ခြားစောင့် တပ်အကြီး အကဲ များအား အစည်းအဝေး ဆင့်ခေါ် ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် - ဖြစ်ပေါ်နေသည့်နိုင်ငံရေး အရ ၀ တပ်ဖွဲ့ အသွင်ပြောင်းရန်အာခံခဲ့ပါက ကူညီတိုက်ခိုက်ဖို့ လားဟူတပ်ဖွဲ့ အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ပြီးနောက် ဤကဲ့သို့ တပ်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။
“လားဟူအမျိုးသားတွေရဲ့ ပင်ကိုယ်စရိုက်က တိုက်ပွဲမရှိဘဲနဲ့ စစ်တပ်ထဲမှာ အချိန်ပြည့်နေလေ့မရှိဘူး၊ ထိုးစစ်ထက် ပြောက်ကျားစနစ်နဲ့ ခံစစ်ကသူတို့ပိုအားသန်တယ်။ အခုဟာကလဲ ၀ နဲ့လားဟူက ဘိုးဘေး စဉ်ဆက်အတူနေ လာခဲ့ တယ်လေ၊ သူတို့မတိုက်ချင်ဘူး၊ နောက်တခုက နအဖ လစာစပေးနေတယ် ဆိုပေမယ့် သူတို့အတွက် မလုံလောက်ဘူး၊ ဘိန်းခြံလုပ်ရရင်အဲ့ထက် ၁၀ ဆ မက ရတယ်လေ” -အမည်မဖေါ်လိုသည့် လားဟူအသိုင်းအဝိုင်းတဦးကပြောပါသည်။
လားဟူနယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဂျပီးကွယ်၏ (နအဖ အပ်နှင်းထားသည့်) ဗိုလ်မှူးရာထူး လစာငွေမှာ ကျပ် ၁ သိန်း ရ သောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ကြီးရာထူး လစာငွေကျပ် ၁ သိန်း ၂ သောင်း၊ အခြေခံတပ်သား လစာမှာမူ ကျပ်ငွေ ၄ သောင်း ၅ ထောင် ပေးမည်ဟုပြောသော်လည်း အခုချိန်ထိမရသေးဟု ထိုင်းနယ်စပ် ရောက် အမည်မဖေါ်လိုသည့် လားဟူတပ်သား တဦးက အတည်ပြုပါသည်။
လက်ရှိ ဂျပီးကွယ်ဦးဆောင်သည့် လားဟူ နယ်ခြားစောင့်တပ်ရင်း (အမှတ် ၁၀၀၇ ) တွင် အင်အား ၂၉၆ နှင့် နအဖ အရာရှိ ၃၀ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း လက်နက်အလက်တစ်ရာခန့်သာရှိသေးသည်ဟု ဆိုသည်။
၎င်းလားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းပွဲကို မတ်ချ် ၃၁ ရက်နေ့က စရဖ အရာ ရှိချုပ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ဖေါ်ဆောင်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ သျှမ်းပြည်နှင့် ကရင်နီပြည်တိုင်းချုပ်ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကိုယ်တိုင် အခမ်းအနားတက်ရောက် ရာထူးချီးမြင့်ခဲ့သည်။