နအဖ ပေးသည့် ဒက်လိုင်း အဖြေပေးဖို့ ၀ တပ်ဖွဲ့အစီအစဉ်မရှိ

နအဖ ပေးသည့် ဒက်လိုင်း အဖြေပေးဖို့ ၀ တပ်ဖွဲ့အစီအစဉ်မရှိ
ဧပြီ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရန် နအဖ ပြောသည့် အတိုင်း အဖြေမပေးနိုင်ဟု ၀ တပ်မှူးတဦးကပြောကြောင်း - ခိုင်လုံသည့် ပန်ဆန်းမြို့သတင်းရပ်ကွက် က...

ဧပြီ ၂၂ ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းမည့်တပ်ရင်းတပ်ဖွဲ့ စာရင်းပေးပို့ရန် နအဖ ပြောသည့် အတိုင်း အဖြေမပေးနိုင်ဟု ၀ တပ်မှူးတဦးကပြောကြောင်း - ခိုင်လုံသည့် ပန်ဆန်းမြို့သတင်းရပ်ကွက် က ပြောပါသည်။

“ နအဖ သတိပေးထားတဲ့အတိုင်း အသွင်ပြောင်းမယ့် စာရင်းပေးပို့ဖို့ အစီအစဉ်မရှိဘူး၊ သင်္ကြန်ပြီးလို့ အစည်းအဝေး ထပ်ထိုင်မယ်ဆိုတဲ့အကြောင်းလဲ မသိရသေးဘူး၊ အဖြေပေးဖို့ ရက်ပိုင်းလေးဘဲလိုပေမယ့် လက်ရှိ ၀ တပ်ဖွဲ့ရပ်တည်ချက် က ၃ ရက်နေ့ပေးပို့တဲ့စာက အတည်ဘဲ” - ဟု အမည်မဖေါ်လိုသည့် ၀ တပ်မှူးတဦး ကပြောကြောင်း ပန်ဆန်းမြို့ခံ တဦး ကပြောပါ သည်။

ယခုလ ၁၇ ရက် ကျရောက်သည့် ၀ ပြည်ငြိမ်းချမ်းရေး ထူထောင်ခြင်း ၂၁ နှစ်ပြည့် အခမ်း အနားအတွက်လည်း အထူး အစီအစဉ်မရှိကြောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခိတပုဂ္ဂိုလ်များ၊ မိဘမဲ့ကလေး များအား ၀ ခေါင်းဆောင်များ သွား ရောက်ကြည့်ရှုအားပေးခြင်းမှတပါး အခြားထူးခြားသည့် အစီအစဉ်မရှိဟု ဆို၏။

၀ တို့၏ တောင်းဆိုချက် ၈ ချက်အား ရမခ၊ တြိဂံတိုင်း G.1  ဦးစီးအရာရှိပထမတန်း(လုံခြံုရေးဌာန) နှင့် ကိုယ်စားလှယ် အဖွဲ့က ဧပြီလ ၉ ရက်နေ့ ပန်ဆန်း၌ တွေ့ဆုံစဉ် ပယ်ချထာပြီးဖြစ်သည်။

၀ ပြည်ငြိမ်းချမ်းရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနား

“နှစ်ပတ်လည် အခမ်းအနားမလုပ်တာကလဲ နအဖ နဲ့ နိုင်ငံရေး စစ်ရေးတင်းမာမှုကြောင့်လဲဆိုင်တယ်။ နှစ် ၂၀ ပြည့် တုန်းက ဆို တော်တော့်ကို ခမ်းခမ်းနားနား လုပ်တယ်လေ”- တခြားမြို့ခံတဦးကပြော၏။

မနှစ်ကအခမ်းအနားတွင် ၀ တပ်သား ၃,၀၀၀ နီးပါး စစ်ရေးပြချီတက်ပြီး၊ ဥက္ကဌကြီးပေါက်ယူချန်းကိုယ်တိုင် မိန့် ခွန်းပြော ကြားခဲ့၏။ ငြိမ်းအဖွဲ့နှင့် အခြားဧည့်သည် ၃,၀၀၀ ကျော်အပါအဝင် ပွဲတက်ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက် ပါသည်။

၂၀၀၉ ခုနှစ် ၀ ပြည်ငြိမ်းချမ်းရေး ထူထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားတွင် UWSP /UWSA ဥက္ကဌ ပေါက်ယူ ချန်း က ၀ဒေသသည် မူးယစ်ကင်းစင်သည့် ဒေသဖြစ်ကြောင်း၊ ၀ပြည်ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအချင်းချင်း စည်းစည်းလုံးလုံးနှင့် လက်တွဲဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စစ်အစိုးရနှင့် မတူသည့်သဘောထားများကို ငြိမ်းချမ်းသော နည်း လမ်း နှင့်ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်း များနှင့် သွားလာဝင်ထွက် ပေါင်းသင်း ဆက်ဆံလိုပြီး မည်သူနှင့်မှ ရန်သူသဖွယ် မဆက် ဆံလိုကြောင်းပြောပါသည်။

၀ တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ဆန့်ကျင်တော်လှန်ပြီး စစ်အစိုးရနှင့် အပစ်ရပ်ကာ ၀ ပြည်သွေး စည်းရေး ပါတီ/၀ ပြည်သွေးစည်းရေးတပ်မတော် ဖွဲ့စည်းထူထောင်ခဲ့၏။ နယ်မြေကိုလည်း အထူးဒေသ ၂  အဖြစ် နှစ် ၂၀ ကျော် သည့်တိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စွမ်းစွမ်းတမြုံပလုပ်ခဲ့သည်ဟု ဆိုသည်။

Most read this week