၀ နယ်ထဲသို့ အလုပ်ပြန်ဝင်သည့် UN, NGO ၀န်ထမ်းများအား ၀ ပြည်သွေးစည်းရေးပါတီ ဒု ဥက္ကဌ ရှောက် မင်လျံက တွေ့ဆုံ အားပေး၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“ဒု ဥက္ကဌ ရှောက်မင်လျံပြောတာက - နိုင်ငံရေးကြောင့် အဆင်မပြေခဲ့တာတွေတောင်းပန်တယ်၊ ၀ ပြည်သူ/ သားတွေကို UN, NGO တွေ အကူညီပေးခဲ့တာတွေကို အထူးကျေးဇူးတင်ပါတယ်၊ ့့့ စသဖြင့်ပြောတယ်” - ဟု အခြေအနေကို စောင့်ကြည့်လေ့လာသူတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
၀ နယ် (ပန်ဆန်း နှင့် နမ့်တစ်မြို့)သို့ ပြန်လည်တာဝန်ထမ်းဆောင်သည့် UN, NGO ၀န်ထမ်းများအား ၀ ပြည် သွေးစည်းရေးပါတီ ဒု ဥက္ကဌရှောက်မင်လျံက ဧပြီ ၆ ရက်နေ့ တွေ့ဆုံရာ၌ - ဧပြီ ၂၀၀၉ ကတည်းက နအဖ ၏ နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးမူ စတင်လာချိန်မှစ၍ ပြဿနာဖြစ်လာခဲ့ကြောင်း၊ အတွေးအမြင် ခံယူချက် မတူ၍ ဖြစ်ခဲ့ရ သည်ဟု ခံယူပြီး တနေ့ဖြေရှင်းနိုင်မည်ဟုယုံကြည်သော်လည်း မထင်မှတ်ဘဲ ကိုးကန့်ပြဿနာပေါ် လာကြောင်း၊ ၂၀၀၉ နိုဝင်ဘာက တွေ့ဆုံဆွေးနွေးခဲ့သော်လည်းမအောင်မြင်ခဲ့ကြောင်း၊ ၂၀၁၀ ဖေါ်ဝါရီ တွင် ဥက္ကဌကြီးပေါက်ယူချမ်း ကိုယ်တိုင် နအဖ ချိန်းဆိုသည့်နေရာ သွားမတွေ့ရင် ၀ ပြည်ကို နအဖ အင်အားသုံး တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့၍ ဥက္ကဌကြီး ကိုယ်တိုင် သွားတွေ့ဆုံခဲ့ရကြောင်း၊ နအဖ တောင်းဆို ထားသည့် အတိုင်း ယနေ့တိုင်အစည်းအဝေးထိုင်နေရကြောင်း - ပြောကြားသည်ဟုဆိုသည်။
“မတ်ချ် ၂၈ ရက်နေ့က တွေ့ဖို့ နအဖ ဘက်က ဖိတ်ကြားလာတယ်။ ဧပြီ ၁ ရက်နေ့မှာ ကျနော်တို့ ဒုဥက္ကဌ (၂) ကျောက်ဝမ်ကွမ်းနဲ့ အဖွဲ့သွားတွေ့တယ်၊ ဘာဆိုဘာမှ ဆွေးနွေးခွင့်မရခဲ့ဘူး၊ နအဖ ကိုယ်စားလှယ်တွေ ကဘဲ တဘက်သတ်ပြောသွားတယ်။ အသွင်ပြောင်းဖို့ ဒီလ ၂၂ ရက်နောက်ဆုံး၊ မပြောင်းရင် ၁၉၈၉ မတိုင်ခင် ကလို မတရားတဲ့ အသင်းဘဲဖြစ်မယ်လို့ပြောတယ်။”
“လျှော့ပေါ့ပေးဖို့ ကျနော်တို့ပြင်ဆင်ရတယ်။ ၃ ရက်နေ့မှာ စာရေးပြီးပို့တယ်။ တောင်းဆိုချက်အသစ်တွေထဲမှာ နအဖ အရာရှိဘက်က ဒုတပ်ရင်းမှူးနေရာနဲ့ တွဲဘက်ရုံးအလုပ်လုပ်သူ ၅ ယောက် ကျနော်တို့တပ်ရင်းတရင်း ထဲမှာပါ၀င်ဖို့ လက္ခံတဲ့အထိ အလျှော့ပေးထားတော့ သူတို့လိုက်လျောကောင်းလိုက်လျောနိုင်ပါရဲ့” - ဟု ရှောက်မင်လျံကပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။
ဧပြီလ သုံးရက်နေ့က တောင်းဆိုချက် ၈ ချက်ပါ ၀ တို့၏ ပေးစာအား နအဖ အတွင်းရေးမှူး ၁ ဒု ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ လားရှိုးအခြေစိုက် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် တို့ ထံအသီးသီးလိပ်မူ ပို့ဆောင်ခဲ့ခြင်းဖြစ်၏။
“နအဖ ဘက်ကပြောတယ်၊ နိုင်ငံတော် နဲ့ တိုင်းပြည်သူပြည်သားများကောင်းစားရေးတဲ့၊ ကျနော်ပြောချင်တာက ကျနော်တို့ ၀ အမျိုးသားကောင်းစားရေးအတွက်လဲ ထည့်တွက်ပေးဦးလို့”- ဟု ဒုဥက္ကဌ ရှောက်မင်လျံက ပြော ခဲ့သေးသည်ဟုဆို၏။
၀ ပြည်သွေးစည်းရေးပါတီ ဒု ဥက္ကဌ ရှောက်မင်လျံ
နအဖ၏နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမူကို ၀ တပ်ဖွဲ့က ဆန့်ကျင်ခြင်းမဟုတ်ကြောင်း၊ ၀ တပ်ဖွဲ့တောင်းဆိုသည့် အချက်ကား နှစ်ဦးနှစ်ဘက် မှီတည်ပြီး ဆွေးနွေးတိုင်ပင် လုပ်ဆောင်စေလိုခြင်းသာဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အားလုံးသည် နအဖပေါ်တွင်သာ မူတည်ကြောင်း - ဆက်ပြောသည်ဟု ဆို၏။
၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ လိုလားချက်များမှာ - ၁။ ၀ အမျိုးသားတို့ စစ်ဖြစ်ရေးမလိုလား၊ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမည်။ ၂။ မည်သည့်အခြေအနေမဆို ၀ အမျိုးသားတို့ ပြည်ထောင်စုမှခွဲမထွက်။ ၃။ တရားမျှတ တန်းတူညီမျှသည့် ရွေးကောက်ပွဲကို ၀ တို့ ထောက်ခံမည်။ ၄။ လက်ရှိတပ်မတော်အစိုးရကို ထောက်ခံပြီး၊ရွေးကောက်ပွဲမှ တဆင့် တင်မြှောက်မည့် အနာဂတ် နိုင်ငံတော်အစိုးရ ဦးဆောင်မှုအောက် နေထိုင် သွားမည်ဟုလည်း ဒုဥက္ကဌ ရှောက်မင်လျံ က ပြောကြားခဲ့သည်ဟု ဆို၏။
၀ ပြည်သွေးစည်းရေးပါတီ၏ ၀ တပ်မတော် UWSA သည် တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိ၏။ ၀ တို့ တောင်းဆိုချက် ၈ ချက်၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည်ဆိုပါက ရမခ လက်အောက်ခံ မြောက်ပိုင်း ၀ နယ် တပ်ရင်း ၁၀ ရင်း၊ တြိဂံတိုင်းလက်အောက်ခံ တောင်ပိုင်း ၀ နယ် တပ်ရင်း ၁၀ ရင်း အထိ လျှော့ချပေးမည်ဖြစ်သည်။အသွင်ပြောင်း မည့် ၀ တပ်ရင်းတိုင်းတွင် နအဖ ၏ ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင် မည့်သူတဦးနှင့်အတူ ကျန်းမာရေး၊ထောက်ပံ့/ စားနပ်ရိက္ခာ၊ ဆက်ဆံရေး တာဝန်ယူမည့် ရုံးအလုပ် ၅ ဦး တို့ကို ပါလက်ခံရမည်ဖြစ်သည်။