တာချီလိတ်မြို့တွင်း ရပ်ကွက်များ၌ နအဖ အာဏာပိုင်တို့ ညပိုင်းအချိန်မတော် ရှောင်တခင်ဧည့်စာရင်းစစ်ဆေးရာဒေသခံ များအား တရားခံစစ်သကဲ့သို့ စစ်ဆေး ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“အချိန်မတော် ၀င်စစ်တယ်၊ ည ၁၀ နာရီနောက်ပိုင်းချည်းဘဲ။ တရားခံ စစ်သလို တံခါးကို ၀ုန်းဒိုင်းကျဲ ထုထောင်း ပြီးနိုး တယ်၊ ကြိုတင်အကြောင်းကြားတာမရှိဘူး၊ ကျမတို့အိမ်ဆို နှစ်ညဆက်တိုက်လာစစ်တယ်”- ဟု အမည်မဖေါ်လိုသည့် တာချီလိတ်မြို့ခံတဦးက ပြောပါသည်။
ဧပြီလဆန်းပိုင်း၌ တာချီလိတ်အခြေစိုက် နအဖ အာဏာပိုင်များနှင့် အဖွဲ့အစည်းပေါင်းစုံပါ၀င်သည့် လူအင်အား ၁၀ ဂဏန်း က ဧည့်စာရင်းများညတိုင်း ဆက်တိုက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောပါသည်။
တာချီလိတ်မြို့ (Photo: 2.bp.blogspot.com)
“ဧည့်စာရင်းလာစစ်တာက စစ်တပ်၊ ရဲ၊ လဝက၊ မူးယစ်ရဲ၊ ပြည်သူ့စစ်၊ မီးသတ်၊ စွမ်းအားရှင်၊ ကြံ့ဖွတ် အစုံဘဲ။ လူအင် အား ၃၀ - ၄၀ လောက်ပါတယ်။ ခြံနဲ့ ၀င်းနဲ့ဆိုရင် အိပ်ခန်းထဲအထိမဝင်ပေမယ့်၊ အခန်းငှားနေတဲ့သူတွေ စစ်ရင်တော့ အိပ်ခန်းထဲအထိ၀င် ခြင်ထောင်ကို သေနတ်နဲ့ထိုး မကြည့်တယ်။ အဲလောက် အစစ်အဆေးကြမ်း တာ နေရထိုင်ရတာ မအေးချမ်းဘူးဗျာ”- ဟု ဆန်ဆိုင်းရပ်ကွက်နေ ရပ်မိရပ်ဖတဦးက ရှမ်းသံတော်ဆင့်သို့ပြောသည်။
၎င်းင်းတို့ ကိုယ်တို်င်ထုတ်ပေးသည့် နိုင်ငံစိစစ်ရေးကဒ်ပြားကိုလည်း လျှပ်စစ်ဓါတ်မီးဖြင့် အသေးစိတ် ကြည့်ရှုစစ်ဆေး ကြာင်း၊ အိမ်ထောင်စုစာရင်းနှင့် တိုက်ကြည့် ကြောင်း တာချီလိတ်၌ ဧည့်စာရင်းဖြင့် နေထိုင်သူတဦးက ဤကဲ့သို့ ပြော၏။
“သူတို့က ဧည့်စာရင်းဘဲစစ်တာမဟုတ်ဘူး။ ဘာအလုပ်လုပ်လဲ၊ တာချီလိတ်ကိုလာတာ ကုန်းကြောင်းနဲ့လား လေကြောင်း နဲ့လား ဘာညာလျှောက်မေးတယ်။ မှတ်ပုံ တင်/ အိမ်ထောင်စုစာရင်းကိုင်ပြီး တယောက်ချင်းစီကို လိုက်တိုက်ကြည့်တာ။ လူတိုင်းထရတာပေါ့၊ အိပ်နေရင် ခြင်ထောင်လှန်ကြည့်တယ်၊ လူ့ကျင့်ဝတ်သိက္ခာ/တန်ဖိုး ဘာတခုမှသူတို့အလေးမထား ဘူး၊ တကယ့်လူရိုင်းတွေဘဲ”
ရပ်ကွက်ရုံးသို့ ဧည့်စာရင်းတကြိမ်သွားတိုင်လျှင် ဧည့်သည်တယောက်အတွက် ၁၀ ဘတ်၊ နေခွင့် ရ ရက် ပေးကြောင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါကွက် ရယက ရုံးသို့ခေါ်သွားပြီး ဘတ်ငွေထောင်ချီ ဒဏ် ရိုက်တတ်ကြောင်း၊ ဗမာ စကား မကျွမ်းကျင် ထစ်ထစ်ငေါ့ငေါ့ဖြစ်ခဲ့လျှင် ရိုက်နှက်ကန်ကျောက်ခြင်းခံရပြီး ဒေသခံ အသိ/လူကြီးများ အာမခံပေးမှ ပြန်လွှတ်ပေးကြောင်း အဆိုပါ ဒေသခံကပြောပါသည်။
မည်သည့်အကြောင်းကိစ္စကြောင့် ဧည့်စာရင်းပြင်းပြင်းထန်ထန်စစ်ဆေးနေသည်ကို ဒေသခံလူထုတို့ မသိကြ သော်လည်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ၀ တပ်ဖွဲ့အသွင်ပြောင်းဖို့ဖိအားပေးနေခြင်းနှင့်ဆိုင်ကြောင်း ယခုလ ၂၂ ရက်နောက် ဆုံးထား ၀ တပ်ဖွဲ့တို့စာရင်းမပေးပို့ပါက မတရားအသင်းကြေငြာခံရဖွယ်ရှိကြောင်း၊ ၀ တပ်ဖွဲ့ဝင်များလှုပ်ရှားသွား လာ တိုင်ပင်ဆွေးနွေးချိန်နှင့် တိုက်ဆိုင်နေကြောင်း သုံးသပ်ကြပါသည်။