SSA နှင့် ဝ နယ်မြေ အနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက်

SSA နှင့် ဝ နယ်မြေ အနီးရှိ ဗမာတပ် မိသားစုဝင်များ အရေးပေါ် စစ်သင်တန်းတက်
သျှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် SSA နှင့် UWSA ထိန်းချုပ်နယ်မြေ အနီးရှိ တန့်ယန်း မိုင်းရယ်မြို့များ တွင်အခြေစိုက် ထားသော မြန်မာစစ်တပ်များမှ မိသားစုဝင်များသည် မတ်လဆန်းမှစ၍ ယနေ့အထိအရေးပေါ် အခြေခံ စစ်သင်တန်း....

သျှမ်းပြည် (မြောက်ပိုင်း) အပစ်ရပ် SSA နှင့် UWSA ထိန်းချုပ်နယ်မြေ အနီးရှိ တန့်ယန်း မိုင်းရယ်မြို့များ တွင်အခြေစိုက် ထားသော မြန်မာစစ်တပ်များမှ မိသားစုဝင် များသည် မတ်လဆန်းမှစ၍ ယနေ့အထိအရေးပေါ် အခြေခံ စစ်သင်တန်း တက်ရောက်လျှက်ရှိကြောင်း သိရသည်။

ဒေသတွင်းတပ်ရင်းများရှိ အိမ်ထောင်သည် စစ်သည်များ၏ ဇနီးများအား သက်ဆိုင်ရာ တပ်ရင်းများ၌  လက်နက် ငယ် ကျွမ်းကျင်မှု ပါ၀င်သော အခြေခံစစ်ပညာကို အသုတ်လိုက်ခွဲ၍ သင်တန်းပေးနေကြောင်း မြန်မာစစ်တပ် မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဝတပ်နဲ့ သျှမ်းတပ်ကလာတိုက်မှာစိုးလို့  ဝ နယ်မြေနားမှာရှိတဲ့ တပ်ထဲက ရဲမေတွေကို စစ်သင်တန်းပေး နေတယ် တပ်ရင်း ထဲမှာပဲ အုပ်စုအလိုက် အသုတ် ခွဲပြီး ပေးနေတာ မတ်လဆန်းပိုင်းလောက်က စပေးနေတာ အခုထိပေါ့လော လောဆယ် ရမခနယ်မြေထဲမှာတော့ အင်အားတွေ ထပ်ဖြည့်တာမရှိဘူး ဒေသခံတပ်တွေပဲရှိ တယ်” ဟု သူက ဆိုသည်။

မြန်မာစစ်တပ်အတွင်း စစ်သည်ဇနီးများအား စစ်သင်တန်းပေးခြင်းကို ယခင်ကတည်းက ပြုလုပ်လေ့ရှိကြောင်း အဆိုပါ စစ်သင်တန်းတက်ခဲ့ဖူးသူ သျှမ်းပြည် (မြောက်ပိုင်း) ဇာတိ ရဲမေဟောင်းတစ်ဦးက ပြောသည်။

“သေနတ်ကိုင်တွယ်တာ ကျွမ်းကျင်အောင်သင်ပေးတယ်၊ ဖြုတ်တာ တပ်တာပေါ့၊ နောက်ပြီးတော့ ရန်သူလာရင် ဘယ်သူက ဘယ်လိုနေရာ ယူရမယ် ဆိုတာတွေ လေ့ကျင့်ပေးတယ်။ ကတုတ်ကျင်းတွေထဲမှာပေါ့ တကယ်လို့ ကို်ယ့်ယောက်ကျားက ရှေ့တန်းထွက်တယ်ဆိုရင် တပ်ရင်းလုံခြံုရေးအတွက် ကင်းစောင့်ပေးရတယ် မိသားစုဝင် တွေ လုံခြံုရေးတွေ တာဝန် ယူပေးရတယ် ” ဟု သူက ပြောသည်။

တပ်တွင်း ရဲမေများတက်ရောက်ရသော စစ်သင်တန်းသည် တပ်တွင်းလုံခြံုရေးနှင့် မိသားစုဝင်များကို ကာကွယ် ပေးနိူင်ရန် ရည်ရွယ်သော ရက်တိုသင်တန်းမျိုးသာ ဖြစ်ပြီး စစ်တပ် အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ဆရာကြီး အဆင့်ရှိသူများက ကြီးကြပ် သင်ကြားပေးကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် ကွပ်ကဲမှုနယ်မြေအတွင်း၌ နယ်ခြားစောင့်တပ်အသွင်ပြောင်း ဖွဲ့စည်းရေးကို ငြင်းဆန်နေသော ကချင်ပြည် လွတ်လပ်ရေးတပ်မတော်၊  သျှမ်းပြည်တပ်မတော်၊ ဝ ပြည်သွေးစည်းရေးပါတီ စသည့် လက်နက်ကိုင်အဖွဲ့များ အခြေပြုထားသည်။

ကချင်ပြည် (မြောက်ပိုင်းတိုင်း) စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့များမှ စစ်သည်မိသားစုဝင်များ လည်း အလားတူ စစ်သင်တန်းတက်နေရပြီး  မြစ်ကြီးနား မြို့တွင် ဒေသခံအရပ်သားများလည်း ပြည်သူ့စစ် သင်တန်းတက် နေရကြောင်း သိရသည်။