သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် စာနယ်ဇင်းအတွင်းရေးမှူးနှင့် အထက်တန်းရှေ့နေ ဦးတင်ထွန်း (ခ) ရွှေလီ မောင်မောင်က ၎င်းအား စုကြေးငွေ အလွဲသုံးစားလုပ်သည်ဟု တိုင်ကြားခဲ့သူများကို် မတ်လ ၁၂ ရက်နေ့က မူစယ် တရားရုံးတွင် ပြန်လည် တရားစွဲဆိုလိုက်ကြောင်း သိရသည်။
မူစယ်မြို့ စုကြေးဒိုင်ကိုင်သူ နန်းခမ်းဦး၏ ခင်ပွန်း စိုင်းမောင်စိန်က ရှေ့နေဦးတင်ထွန်းအား ငွေကျပ်သိန်း ၂၀၀ အလွဲ သုံးစား လုပ်သည်ဟု မတ်လဆန်းပိုင်းက တိုင်ကြားထားခြင်း ဖြစ်သည်။
အဆိုပါတိုင်ကြားသူ စိုင်းမောင်စိန် အပါအဝင် လူ ၈ ဦးခန့်အား ဦးတင်ထွန်းက အသရေဖျက်မှုဖြင့် တရား စွဲဆိုခြင်း ဖြစ်ကြောင်း ယခုတရားစွဲခံရသူနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
“ပုဒ်မ ၄၉၉ ၊ ပုဒ်မ ၅၀၀ နဲ့ မတ် ၁၂ ရက်နေ့က စိုင်းမောင်စိန်နဲ့ သူ့ကိုတရားရုံးမှာ ဦးတိုက်လျှောက်ဖို့ ကူညီခဲ့တဲ့ ရှေ့နေ တွေကို အသရေဖျက်တယ်ဆိုပြီး ဦးတင်ထွန်းက ပြန်တရားစွဲထားတယ်” ဟု သူကပြောသည်။
၂၀၀၉ ခုနှစ်က မူစယ်မြို့ စုကြေးငွေလုပ်ငန်း ဒိုင်ကိုင်သူ နန်းခမ်းဦးမှ ငွေထည့်သူများကို ပြန်မပေးနိုင်တော့ သဖြင့် တရားစွဲခံရခါနီးတွင် ဦးတင်ထွန်းအား ရှေ့နေ ငှားရာမှ အဆိုပါ အမှုစတင်ခဲ့သည်။
နန်းခမ်းဦးကအမှုလိုက်ခကျပ်သိန်း ၄၀ နှင့် စုကြေးငွေပေးရန် ကျန်နေသူများကို ဖြေရှင်းရန်ကျပ်သိန်း ၁၆၀ ကို ဦးတင်ထွန်း ထံ ပေးအပ်ခဲ့သည်ဟု ဆိုသည်။
ငွေယူပြီးနောက် ဦးတင်ထွန်းက ပြဿနာများကို ပြေလည်အောင်ဖြေရှင်းပေးမည်ဟု ဆိုကာ နန်းခမ်းဦးအားရှောင်တိမ်းခိုင်း ခဲ့ရာ နန်းခမ်းဦးက တရားခံပြေးဖြစ်သွားပြီး ပြသနာကို ဖြေရှင်းခြင်း မရှိသည့် အပေါ် ၂၀၀၉ ခုနှစ် က ပထမအကြိမ် တိုင်ကြားခဲ့သည်။
မူစယ်တရားရုံးတွင် ယခုနှစ်အတွင်း နှစ်ဘက် ပြဿနာများကို ဖြေရှင်းပြီးသည့်တိုင် ဦးတင်ထွန်းကငွေပြန်လည် ပေးအပ်ခြင်း မရှိသဖြင့် ခင်ပွန်းဖြစ်သူ စိုင်းမောင်စိန် က အလွဲသုံးစားလုပ်သည်ဟု ထပ်မံ တိုင်ကြားခဲ့ခြင်း ဖြစ် သည်။
“ဦးတင်ထွန်းရဲ့တိုင်စာက သူ့စာထဲမှာကို အလိုလို ချေပပြီးသားဖြစ်နေပြီ ကျွန်တော်တို့ကို အသရေဖျက်မှုနဲ့ တရားစွဲတဲ့ ဟာက အာမခံရတယ် သူ့ကိုတိုင်ထားတာက အာမခံမရဘူး” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
လာမည့် ဧပြီလဆန်းတွင် အဆိုပါအမှုအတွက် ရဲစခန်းစစ်ချက်ယူပြီးလျှင် ဦးတင်ထွန်းအား တရားရုံးမှ ဆင့်ခေါ် ဖွယ်ရှိ ကြောင်းသူကဆိုသည်။
ယခင်က မူစယ်မြို့နယ်ရှေ့နေအရာရှိ ဦးမြင့်သိန်းနှင့် ရဲများအားဦးတင်ထွန်းက တရားစွဲဆိုခဲ့ဖူးကြောင်းသိရ သည်။