‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ပြော

‘၀’ တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်ပြော
၀ ပြည်သွေးစည်းရေးတပ်မတော် UWSA သည် သျှမ်းပြည်အတွင်းလက်နက်ကိုင်တပ်ဖွဲ့အားလုံးအနက် အင်အား အတောင့်တင်းဆုံးဖြစ်သည်ဟုဆိုသော်လည်း မိမိလူမျိုး/တပ်ဖွဲ့/နယ်မြေတခုထဲအတွက် ကိုယ်လွတ်ရုန်း ထွက်လို့မရ ဟု ပလောင်ခေါင်းဆောင်မိုင်အိုက်ဖုန်းက...

၀ ပြည်သွေးစည်းရေးတပ်မတော် UWSA သည် သျှမ်းပြည်အတွင်းလက်နက်ကိုင်တပ်ဖွဲ့အားလုံးအနက် အင်အား အတောင့်တင်းဆုံးဖြစ်သည်ဟုဆိုသော်လည်း မိမိလူမျိုး/တပ်ဖွဲ့/နယ်မြေတခုထဲအတွက် ကိုယ်လွတ်ရုန်း ထွက်လို့မရ ဟု ပလောင်ခေါင်းဆောင်မိုင်အိုက်ဖုန်းက ပြောပါသည်။

“သျှမ်းပြည်အရေးက တိုင်းရင်းသား အားလုံးနဲ့ဆိုင်တယ်။ အချင်းချင်းအပြစ်ရှာရမယ့်အချိန်မဟုတ်ဘူး၊ ၀ က အင်အားကြီးတယ်ပြောပေမယ့် သူ့အမျိုးသားတခုထဲ လွတ်မြောက်ဖို့ ရုန်းထွက်လို့ရမှာမဟုတ်ဘူး”

စစ်မှန်သည့်လွတ်လပ်ခြင်း တန်းတူအခွင့်အရေးရရှိခြင်းအတွက် ယခုအချိန်သည် စုပေါင်းအဖြေရှာ ၊ လက်တွဲဝိုင်းဝန်း ဖြေရှင်းကာ တဦးတယောက်အားနှင့်တွန်း၍မရသော် အများအားနှင့်တွန်းလျှင် လိုရာပန်းတိုင်သို့ အမှန်ရောက်ရှိမည် ဖြစ်ကြောင်း PSLF ဥက္ကဌ မိုင်အိုက်ဖုန်းက သျှမ်းသံတော်ဆင့်သို့ပြော၏။

“သျှမ်းပြည်သားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေမယ်ဆိုရင် စစ်အာဏာရှင်အတွက်ဘဲ အထောက်အကူ ဖြစ်မယ်။ ၂၀၀၁-၂၀၀၂ နဲ့ ၂၀၀၅ တုန်းက နအဖ သွေးထိုးလှုံ့ဆော်မှုကြောင့် သျှမ်းပြည်တပ်မတော် လွယ်တိုင်း လျဲန်း ဌာနချုပ်ကို ၀ တပ်ဖွဲ့က တက်တိုက်ခဲ့တယ်။ PSLF အနေနဲ့ သျှမ်းပြည်သားအချင်းချင်း မတိုက်ခိုက်ကြဖို့ တတ်အားသမျှကြားဝင် ပေးသေးတယ်။ မရဘူး။ အခုလဲ နယ်ခြားစောင့်တပ်အသွင်မပြောင်းမချင်း ၀ ကို နအဖ က သပ်လျှိုဖြိုုခွဲ နေမှာဘဲ” - ဟု ဆက်ပြောပါသည်။

သျှမ်းပြည်သားများ စည်းလုံးညီညွတ်ရေးအတွက် ပလောင်ခေါင်းဆောင် ဝေဖန်အကြံပေးနေချိန် နအဖ အရာရှိ တို့လည်း ‘အခုအချိန်ဟာ ခေါင်းမာလွန်းတဲ့ ၀ တပ်ဖွဲ့ကို ဆုံးမဖို့အချိန်တန်ပြီ’ ဟူသည့် ကြိမ်းဝါး ၀ါဒဖြန့်ပြော ဆို နေသည်ကိုလည်း ကြားနေရ၏။

သျှမ်း၊ ကချင်တို့ကဲ့သို့ ပလောင်အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အတွက် ၁၉၆၃ ကစ၍ ပလောင်အမျိုးသားတပ်ဖွဲ့ (PNF) ကို ဖွဲ့စည်း၍ စစ်အာရှင်အုပ်စုကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ၁၉၇၆ တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်အဖြစ်အမည် ပြောင်းခဲ့သည်။ ၁၉၈၆ တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ (PSLF) ဟုအမည် ပြောင်းလဲ ခဲ့သည်။ ၁၉၉၁ တွင် အထူးဒေသ ရ ဟူ၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး ၂၀၀၅ တွင် လက်နက်ချလိုက်ရသည်။ PSLA/PSLO အပစ်ရပ်စဉ် မပါ၀င်ဘဲ မိုင်အိုက်ဖုန်းတို့အဖွဲ့ ခွဲထွက်၍ PSLF ပလောင်အမျိုးသားလွတ်မြောက် ရေးတပ်ဦး ဖွဲ့စည်းထူထောင်ခဲ့သည်။

ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF ဥက္ကဌ မိုင်အိုက်ဖုန်း

Most read this week