နယ်လှည့်ဆက်ဆံရေး ဖျော်ဖြေရေးစင်မြင့်အတွက် ဒေသခံများ လုပ်အားပေးဆင့်ခေါ်ခံရ

နယ်လှည့်ဆက်ဆံရေး ဖျော်ဖြေရေးစင်မြင့်အတွက် ဒေသခံများ လုပ်အားပေးဆင့်ခေါ်ခံရ
သျှမ်းပြည်အရှေ့ပိုင်းမိုင်းယန်းမြို့လယ် ခုံကွိုင်းဇွန်း (ကျွဲခတ်ကွင်း) ၌ နအဖနယ်လှည့်ဆက်ဆံရေးတပ်မှ ယနေ့ည စတင်မည့် ဖျော်ဖြေရေးစင်မြင့်အတွက် ဒေသခံ လုပ်အားများ အပြင် ပိုက်ဆံ၊ သက်ကယ်၊ ၀ါး၊ ဖျာများပါ ဆင့်ဆိုခံရသည်ဟု နယ်စပ်...

သျှမ်းပြည်အရှေ့ပိုင်းမိုင်းယန်းမြို့လယ် ခုံကွိုင်းဇွန်း (ကျွဲခတ်ကွင်း) ၌ နအဖနယ်လှည့်ဆက်ဆံရေးတပ်မှ ယနေ့ည စတင်မည့် ဖျော်ဖြေရေးစင်မြင့်အတွက် ဒေသခံ လုပ်အား များ အပြင် ပိုက်ဆံ၊ သက်ကယ်၊ ၀ါး၊ ဖျာများပါ ဆင့်ဆိုခံရသည်ဟု နယ်စပ် သတင်းရပ်ကွက် ကပြောပါသည်။

“အရင်တုန်းကဆို ကျနော်တို့ ကျွဲခတ်ပွဲ ကျင်းပတဲ့အချိန်နဲ့ ချိန်ကိုက်လာတတ်တယ်။ ဒီနှစ်တော့နောက်ကျတယ်။ ကြိုတင် လဲ ပြောမထားဘူး။ စင်မြင့်အတွက်လိုအပ်တဲ့ ၀ါး၊ သက်ကယ်၊ ဖျာတွေပါ  အဓမ္မဆင့်ဆိုတယ်” - ဟု အမည်မဖေါ်လိုသူ ဒေသခံတဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်နှင့်မိုင်းယန်း အခြေစိုက်ဒေသခံ နအဖစစ်တပ် မိသားစုများနှင့်ရှေ့တန်းရောက်ရဲဘော်များ အား စိတ်ဓါတ်ရေးရာအားပေးခြင်း၊ နိုင်ငံရေး ပေါ်လစီများ ၀ါဒဖြန့်ခြင်းအတွက် လူအင်အား ၃၀-၄၀ ရှိနယ်လှည့်ပြည်သူ့ ဆက်ဆံ ရေးတပ်ဖွဲ့ယနေ့ ဖျော်ဖြေမည်ဖြစ်သောကြောင့် ထိုကဲ့သို့လုပ်အားပေးမှုများ ဆင့်ခေါ် ခံရခြင်းဖြစ်သည်။

“ဇာတ်သဘင်ရှိမယ်၊ ခေတ်သစ် ခေတ်ဟောင်းတေးသီချင်းဖျော်ဖြေမှုတွေရှိမယ်။ အမျိုးသမီးနေရာတွေမှာလဲ ရဲဘော်တွေဘဲ အစားထိုး သရုပ်ဆောင်တယ်။ ပွဲကြည့် ပရိသတ် က ရဲဘော်ရဲမေတွေ စစ်တပ်မိသားစု ၀န်ထမ်းမိသားစုတွေဘဲ။  ဒေသခံတွေ ကတော့ မှုန့်ပဲသရေစာရောင်းဖို့ဘဲ စိတ်ဝင်စားတယ်” - ဟု မြို့ခံ ၀န်ထမ်းတဦးကပြောပါသည်။

နယ်လှည့်ဆက်ဆံရေး ကပွဲသည် မိုင်းယန်းမြို့လယ် ဟော့်ကန်ရပ်ကွက် ၀ပ်လုံပါကန်ကျောင်းတိုက်အနီး ကျွဲခတ်ကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်းသိရပါသည်။

နအဖ ၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) လက်အောက်ခံ နယ်လှည့် ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများသည် အမှတ် (၁) မှော်ဘီ၊ အမှတ် ( ၂ ) မှော်ဘီ ၊ အမှတ် ( ၃ ) မန္တလေး၊ အမှတ် (၄) ရွှေညောင် သျှမ်းပြည်တောင်ပိုင်း နှင့် တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(မြဝတီ)၊ ဗဟိုပြည်သူ့ဆက်ဆံရေးတပ် (မင်္ဂလာဒုံ)၊ ထုတ်လုပ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတပ် (မင်္ဂလာဒုံ) တို့ဖြစ်သည်။

မှော်ဘီ အမှတ် (၁) (၂) နယ်လှည့် ပြည်သူ့ ဆက်ဆံ ရေးတပ်ခွဲ သည် သျှမ်းပြည်၊ ကချင် နှင့် ရခိုင် အပြင် ကရင်၊ ကရင်နီပြည် ဘက်သို့လည်းတနှစ်ပတ်လုံး လှည့်လည် ကပြ လေ့ရှိသည်။