ဒီဇင်ဘာ ၄ ရက်နေ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလိုက်သည့် ကိုးကန့်တပ်ဖွဲ့အချို့ နအဖ မွမ်းမံစစ်သင်တန်း ကျောင်း တက်ရန် ကိုးကန့်ဒေသမှ လားရှိုး-တန့်ယန်းဘက် အသွားလမ်းခုလတ်၌ တပ်သားဆယ်ဂဏန်းနှင့်ချီထွက်ပြေး ကြကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ပြောပါသည်။
ဒီဇင်ဘာနှောင်းပိုင်းက ပိုင်ဆုံချိန်ခေါင်းဆောင် ကိုးကန့်နယ်ခြားစောင့်တပ်မှအရာရှိ/တပ်သား ၁၆၀ ခန့်နအဖစစ်သင်တန်း တက်ရောက် ရန် ဖိုးဝှီးချောကားဖြင့် လောက်ကိုင်းမှ တန်းယန်းမြို့နယ် မန့်ကတ်တိုင်းဗဟို စစ်သင်တန်းကျောင်းသို့ ခရီးထွက်စဉ် လားရှိုး၌ ထွက်ပြေးခဲ့ ကြခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံတဦးက ပြောပါသည်။
“ဗမာတပ်ပေးတဲ့ စစ်တင်တန်းတက်ဖို့ ကိုးကန့် တပ်သား အယောက် ၁၆၀ လားရှိုးကို ရောက်လာတယ်။ လားရှိုးကနေ တန့်ယန်းဘက်ဆက်သွားဖို့ လူစာရင်း စစ်ကြည့်တော့ အယောက် ၄၀ ကျော် ပျောက်သွားပြီ။” - ဟု အဆိုပါ လားရှိုးမြို့ခံ ကပြော၏။
နအဖ လက်အောက်ခံ တပ်သား ဒုက္ခဆင်းရဲခြင်း၊ အစားအသောက်အနေအထိုင်မကောင်းခြင်း၊ အထက်အရာရှိများ ဖိနှိပ် ချုပ်ခြယ်လွန်းခြင်း တို့ကြောင့် တပ်ပြေးများ များလာသည့်အခြေအနေကို ကိုးကန့်ရဲဘော်သစ်များ ကြားသိမြင်တွေ့ရ သောကြောင့် ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်သည်ဟု လားရှိုးမြို့ခံကိုး ကန့်အမျိုး သား တဦးက ဤကဲ့သို့ပြောပြပါသည်။
“ကိုးကန့်တွေ အခုလိုထွက်ပြေးတာလဲမဆန်းပါဘူး၊ ကျနော်သိသလောက် လားရှိုး ဗမာစစ်တိုင်းရုံး ဂျီဝမ်းက တလ တခါ နှစ်ခါ အပစ်ရပ် ထိန်းချုပ် မျက်နှာခြင်းဆိုင် နယ်ခြားတလျှောက် ဗမာတပ်စခန်းတွေကို အမြဲသွားစစ်တယ်။ အဲ့စခန်းတွေမှာ တောင် ကင်းစောင့်တာဝန်ကျလောက်ဘဲ သေနတ်ကိုင်ရတယ်။ အဓမ္မ ကောက်ခံ လာတဲ့တပ်သားသစ်တွေထဲမှာ တိုင်းရင်း သားတွေလဲပါတော့ သူတို့သိပ်မယုံလို့ ယောက်တိုင်း လက်နက်တောင်ပေးမကိုင်ရဲ ဘူး။ အရေးကြီးမှ ထုတ်သုံးမယ်ဆိုပြီး သေတ္တာထဲထည့် သော့ခတ်ထားတဲ့ စခန်းတောင်ရှိတယ်တဲ့ ” - ဟု ဆို၏။
ထို့အတူ တန့်ယန်းမြို့နယ် မန့်ကတ် စစ်သင်တန်းကျောင်း၌ အောက်ပြည်မှလာသည့် သင်တန်းသားသစ်များလည်း မကြာခဏ ထွက်ပြေးကြောင်း၊ တပ်ပြေးများ ဖမ်းမိပါကလည်း သေလုမျောပါး ရိုက်နက် ထိုးကြိတ်သည့် အပြင် ထောင်ဒဏ် နှင့် အခြားပြစ်ဒဏ်များပေးသည်ဟု သင်တန်းကျောင်းနှင့် နီးစပ်သူတဦးက ပြောပြ၏။
တန့်ယန်းအနောက်ဘက် မန့်ကတ်တိုင်းဗဟို သင်တန်းကျောင်းတွင် တသုတ်လျှင် သင်တန်းသား ၃၀၀ - ၅၀၀ အကြား ရှိကာ ကျောင်း၌ လူအင်အား ထောင်ကျော် အမြဲရှိသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။