၂၀၀၀ ပြည့်နှစ်ကတည်းက စ၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအားလုံး အပြုတ်တိုက်ရန် စွန်ရဲ စစ်ရေးလေ့ကျင့် မှု ကို စစ်အစိုးရ နှစ်စဉ်ပြုလုပ်လာခဲ့သည်။ လူအားထက် လက်နက်အား ပိုမိုအားထားရန်သာရှိ သော်လည်း မြန်မာ့ တပ်မတော် တွင် စစ်အင်အား ၄ သိန်း ရှိကြောင်း ဂုဏ်ယူဝင့်ကြွားလေ့ရှိသည်။ ဗမာ့တပ်မတော်ပြီးလျှင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲ၌ ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA မှာ အင်အား အတောင့်တင်းဆုံး ဖြစ်သည်။
စစ်အစိုးရ မကြာခဏ ထုတ်ပြန်ကျေငြာချက်အရ အပစ်ရပ်တပ်ဖွဲ့ ၁၇ ဖွဲ့ရှိသည်ဟုဆို၏။ လက်နက်ချရန် အတွက် ဖိအား အမျိုးမျိုးပေးခံရသဖြင့် ၂၀၀၅ တွင် ပလောင်ပြည်လွတ်မြောက်ရေး တပ်မတော် PSLA နှင့်သျှမ်းပြည်အမျိုးသား တပ်မတော် SSA အချို့လက်နက်ချခဲ့ရသည်။ ၂၀၀၇ တွင် သျှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး SNPLO ထိန်းချုပ် နယ်မြေအား စစ်အစိုးရအင်အားသုံးပြီး ၀င်ရောက်သိမ်း ပိုက်သကဲ့သို့ယခုနှစ် သြဂတ်စ်နောက်ဆုံး ပတ်ကလည်း ကိုးကန့် တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေအား ၀င်ရောက် သိမ်းပိုက်ခဲ့သည်။
ကိုးကန့်အရေးအခင်းနောက်ပိုင်း စစ်အစိုးရပစ်မှတ်ထားသည့် အဖွဲ့မှာ ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA မှာ ဖြစ်နိုင်ခြေအများဆုံး ဖြစ်၏။
၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ၏ လူသူလက်နက်အင်အား ၂၅,၀၀၀-၃၅,၀၀၀ အထိရှိပြီး လက်နက်ကိုင် ပြည် သူ့စစ်အင်အား ၄၀,၀၀၀ ရှိသည်ဟု အကဲခတ်များသုံးသပ်ကြ၏။ ဗမာ့တပ်မတော်တွင် အင် အား ၄၉၀,၀၀၀ ရှိကြောင်းနှင့် အရှေ့တောင်အာရှ၌ ဒုတိယအင်အားအကြီးဆုံးတပ်မတော်ဖြစ်ကြောင်း စစ်အစိုးရပြောသော်လည်း ပြည်တွင်းမှ လေ့လာ သူတဦးက -
“သျှမ်းပြည်မြောက်ပိုင်းလားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ အင်အား ခြေလျင်ခြေမြန်တပ်ရင်း ၄၆ ရင်း၊ ထောက်ပို့တပ် ၈ ရင်း၊ အမြောက်တပ် ၁၁ ရင်း၊ သံချပ်ကာတပ် ၁ ရင်း နှင့် တင့်ကား တပ်ရင်း ၁ ရင်းရှိသည်ဟုဆို၏။ UWSA ၀ တပ်ဖွဲ့၏ မြောက်ပိုင်း နှင့် အလယ်ပိုင်း လူသူ လက်နက် အင်အား ၅,၀၀၀ ခန့် ရှိသည်ဟု နအဖ တပ်က ဆိုပါသည်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေ နှင့် မျက်နှာချင်းဆိုင် ၀ တပ် ထိန်းချုပ်နယ်မြေ အတွင်း ရှိ မြောက်ပိုင်း အလယ်ပိုင်း လူသူလက်နက်အင်အားမှာ - ဌာနချုပ်ပန်ဆန်း နှင့် ပန်ဝိုင်တွင် ၅၀၀ ခန့်၊ ပန်ဆန်းရှိ လက်နက်ကြီးတပ်ရင်း တွင် ၉၀၀ ခန့် ၊ မြောက်ပိုင်းမိန်းမိုင် နမ့်တစ်ရှိ တပ်မဟာ ၃၁၈ တွင် ၁,၅၀၀ ခန့်၊အနောက် ဘက်ခြမ်း ၀ နယ် တပ်မဟာ ၄၁၈ ထိန်း ချုပ်နယ်မြေအလယ်ပိုင်းတွင် အင်အား ၁၅၀၀ ခန့် ရှိကြောင်း ရမခစာရင်း ဇယားက မှတ်ယူသည်ဟု ဆိုသည်။
သံလွင်အရှေ့ခြမ်း ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေနှင့် မျက်နှာခြင်းဆိုင်(ကျိုင်းတုံမြောက် ဘက်) မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ ၀ တပ်အင်အားများကိုမူ ထည့်တွက်ခြင်းမရှိပေ။
မိုင်းဆတ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းနယ်စပ် တလျှောက်အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသ၏ တပ်မဟာ ရ၇၂ ၊ ရ၇၅ ၊ ရ၇၅ ၊ ၅၁၈ နှင့် ၂၄၈ တို့လည်းရှိသေး၏။ တပ်မဟာ တခု ပျှမ်းမျှအင် အား ၁,၅၀၀ ရှိပါက ၀ တပ်ဖွဲ့၏ စုစုပေါင်းအင်အားမှာ ၁၅,၀၀၀ ထက်ပိုမည်မဟုတ်ဟု နအဖ ဘက်မှ မှတ်ယူ ပုံရသည်။
နအဖ စစ်တပ်တွင်လည်း တပ်ရင်းတရင်း၌ ရှိရမည့် အင်အား စံနှုန်း နှင့် လုံးဝပြည့်မှီခြင်း မရှိဟု လေ့လာ သူများက ပြော ပါသည်။
၂၀၀၅ တတိယ- လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုနအဖဝန်ကြီးချုပ်) က - မြန်မာ့ တပ်မတော်တွင် တပ်ရင်းပေါင်း ၅၅၀ ရှိသည့် အနက် ၂၈၄ ရင်းမှာ တစ်ရင်းလျှင် လူအင်အား ၂၀၀ ပင်မပြည့်ကြောင်း၊ ကျန်သည့် တပ်ရင်း ၂၂၀ ရင်းတွင်လည်း ၂၀၀ နှင့် ၃၀၀ ကြားသာရှိကြောင်းတင်ပြ ခဲ့ဖူး၏။ သို့သော်လည်း စင်စစ်တပ် ရင်းတိုင်းတွင်် အင်အား ၁၅၆ ယောက် ထက်မပိုကြောင်း၊ တပ်ရင်း တစ်ရင်း၏ တိုက်ခိုက်ရေးအင်အား ၁၂၀ - ၁၅၀ ရှေ့တန်းသွားနိုင်သည့် အင်အားမှာ ၆၀-၈၀ ခန့်သာရှိကြောင်း ဆိုပါသည်။
ထိုစဉ်က ဗိုလ်သိန်းစိန်၏ အစီရင်ခံချက်အရ လက်နက်ထက် လူသစ်ရှာရပိုခက်သောကြောင့် တိုက်ပွဲတွင် လူအားထက် ခေတ်မှီလက်နက်အင်အား ပိုမိုအသုံးြုပသွားရမည်ဖြစ်ကြောင်း ထည့်သွင်းတင်ပြခဲ့သည်။ ထို့အတူ တောင်ကြီးမှ SB ရဲမှူးတဦး၏ ထုတ်ဖေါ်ချက်ကို ကိုးကားဖူးသည့် လားရှိုးကုန်သည် တယောက်က -“အပစ်ရပ်တွေနဲ့တိုက်ပွဲဖြစ်လာရင် မြောက်ကိုးရီးယား ကရလာတဲ့ လက်နက်ဆန်းတွေ ထုတ်သုံးမယ်။ လူတွေတော့များများ သေလိမ့်မယ်” ဟု မေလ လယ်ပိုင်း က ခြိမ်းခြောက်ပြောဆို ဖူးသည်။
နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်အတွက်အချိန်ပေးထားသည်မှာ အောက်တိုဘာလကုန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သောကြောင့် စစ်အစိုးရ နှင့် ၀ ဆက်ဆံရေးလည်း မကြာတော့သော အချိန်တွင် ထူးခြားပြောင်းလဲမှုများ ပိုရှိလာနိုင်ကြောင်း အကဲခတ်များ သုံးသပ်ပြောဆိုနေကြပါသည်။