တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ

တရုပ်ပြည်နှစ် ၆၀ ပြည့်ပွဲအပြီး ၀ အား စစ်အစိုးရ ထိုးစစ်ဆင်ဖွယ်ရှိ
တရုပ်ပြည်ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲပြီးလျှင် အထူးဒေသ ၂ UWSA ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင်တိုက်ခိုက် ဖွယ်ရှိသည်ဟု အပစ်ရပ်ထိပ်ပိုင်းအရာရှိ အသိုင်းအဝိုင်းက ပြောဆိုကြ ...

တရုပ်ပြည်ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲပြီးလျှင် အထူးဒေသ ၂ UWSA ၀ တပ်ဖွဲ့အား စစ်အစိုးရ ထိုးစစ်ဆင်တိုက်ခိုက် ဖွယ်ရှိသည်ဟု အပစ်ရပ်ထိပ်ပိုင်းအရာရှိ အသိုင်းအဝိုင်းက ပြောဆိုကြပါသည်။

“အကြောင်းရင်း ၃ ရပ်တွေ့ရတယ်။ (၁) နအဖ သျှမ်းပြည်တပ်မတော်ကို ထိုင်းအစိုးရကနေတဆင့် ဆွေးနွေးခိုင်းတယ်။ (၂) သံလွင် အရှေ့ခြမ်း မော်ဖှဒေသမှာ လမ်းတွေပြုပြင်တိုးချဲ့တယ်။ လက်နက်ကြီးတွေ သံချပ်ကာကားတွေနဲ့အတူ တပ်အင် အားတချို့ ထပ်ဖြည့်နေတယ်။ (၃) တရုပ်ပြည် ထူထောင်ခြင်း နှစ် ၆၀ ပြည့်ပွဲ ပြီးမြောက်တဲ့အချိန်နဲ့ အပစ်ရပ် တွေအသွင် ပြောင်းဖို့ သတ်မှတ်ချိန် အတူတူဘဲဖြစ်နေတယ်။” - ဟု အမည်မဖေါ်လိုသည့် အပစ်ရပ်အရာရှိတဦးက သျှမ်းသံတော်ဆင့် သို့ ပြော၏။

ဗိုလ်မှူးကြီးယွက်စစ် ဦးဆောင်သည့် သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့အား ထိုင်းအစိုးရမှတဆင့်ကမ်းလှမ်းကြည့်ရန် ဗမာစစ် အစိုးရလှစ်ဟခြင်းသည် ဒွိဟ ဖြစ်နေသည့်တောင်ပိုင်း ၀ တပ်ဖွဲ့အား လွန်ဆွဲထားခြင်းနှင့် စိတ်ဓါတ်စစ်ဆင်ရေးဆင်နွဲ နေခြင်း ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ထိုင်းလုံခြံုရေးအရာရှိ တဦးကလည်း ဤကဲ့သို့ပြောပြ၏။

“၁၈ ရက်နေ့ညက ၀ စစ်ယာဉ်တန်း ၈ စီး လောက် မိုင်းဆတ် ၀မ့်ဟုန့်ဘက်ကနေ မိုင်းကျွတ်ဘက်ဆင်းသွားတယ်။ SSA သွားတိုက်ဖို့ ၀မ့်ဟုန့်ကို စစ်အစိုးရထံ လွှဲပေးလိုက်တာလား၊ ဒါမှမဟုတ် ၀မ့်ဟုန့်ကို စွန့်ပြီး - SSA နဲ့သွားပေါင်းမှာလား၊ စစ်အစိုးရကိုပြန်တိုက်မှာလား။ အခုစစ်အစိုးရက သျှမ်းတပ်ကိုဆွေးနွေးဖို့ ထိုင်းအစိုးရကို ကမ်းလှမ်းထားခိုင်းတယ်ဆိုတော့ တကယ်တမ်း ၀ က သျှမ်းနဲ့ပေါင်းဖို့စိတ်ကူးရှိရင် အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်”

မြောက်ပိုင်း ၀ အရာရှိ တဦးကလည်း - “အခု နယ်စပ်ဘက်မှာလဲ တရုပ်လုံခြံုရေးတပ်တွေရှိတုန်းဘဲ၊ ပြီးခဲ့တဲ့ ၁၇ ရက်နေ့ တုန်းကလဲ တရုပ်အာဏာပိုင်တွေ အစည်းအဝေးလုပ်တယ်။ ကိုးကန့်ဒေသထဲက တရုပ်လူမျိုးတွေ ဒီလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တရုပ်ပြည်ထဲပြန်ဖို့ပြောတယ်။ အဲဒီအခြေအနေကို ကြည့်ရင် ကျနော်တို့ဘက်ကလည်း စိတ်မချရတော့ ဘူး” - ဟု ဆို၏။

ထိုအရာရှိကဆက်၍- ကိုးကန့်အရေးအခင်းမှရသောသင်ခန်းစာအရ  စစ်အစိုးရကိုပေါ့ပေါ့တန်တန်တွက်ချက်၍မရကြောင်း၊ ၀ ဘက်ကလည်း လုံခြံုရေးအတွက် တရုပ်ငွေသန်းပေါင်းဆယ်ချီသုံးပြီး နယ်ခြားမျဉ်းတလျှောက် နေရာအသီးသီး၌ ကတုတ် ကျဉ်းများ ခံတပ်များ ဘန်ကာကျဉ်းများ ပြင်ဆင်ထားကြောင်း၊ ခံစစ်အတွက် အရံအင်အားဖြစ်သည့်ကျေးရွာပြည်သူ့စစ်အိမ် တိုင်းအားသေနတ်များ၊ ကျဉ်ဆံများ ထုတ်ပေးထားကြောင်း၊ ၀ တမျိုးသားလုံးအတွက် ခုခံတိုက်ခိုက်သွားမှာဖြစ်ကြောင်း ဆက် ပြောပါသည်။

နယ်စပ်ရှိ အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရန်အတွက် ၆ လ အချိန်ပေးထားသည်မှာ အောက်တိုဘာလက နောက်ဆုံးသတ်မှတ်ရက်ဖြစ်ကြောင်း၊ တရုပ်ပြည်ထူထောင်သောနေ့မှာအောက်တိုဘာ ၁ ရက်နေ့ ဖြစ်ကြောင်း ၀ အရာရှိက ပြောပါသည်။