သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများဖွင့် - ဒေခံအာဏာပိုင်များ အပြိုင်ဘော်ချက်

သျှမ်းပြည်အနှံ့ လောင်းကစားဝိုင်းများဖွင့် - ဒေခံအာဏာပိုင်များ အပြိုင်ဘော်ချက်
ယခုနှစ်နွေရာသီ သျှမ်းပြည်မြို့နယ်အတော်များများ ရှင်ပြုပွဲ နှင့် အလှူပွဲ ပျော်ပွဲရွှင်ပွဲများကျင်းပချိန် နယ်မြေခံစစ်အစိုးရ အာဏာပိုင်များက အကြောင်းအမျိုးမျိုးဘမ်းပြပြီး ရံပုံငွေအတွက်ဟုဆိုကာ လောင်းကစားဝိုင်းများ ဖွင့်လှစ် - သိန်းချီ အခွန် ကောက်ယူကြောင်း ဒေသခံလူထုကဆို ...

ယခုနှစ်နွေရာသီ သျှမ်းပြည်မြို့နယ်အတော်များများ ရှင်ပြုပွဲ နှင့် အလှူပွဲ ပျော်ပွဲရွှင်ပွဲများကျင်းပချိန် နယ်မြေခံစစ်အစိုးရ အာဏာပိုင်များက အကြောင်းအမျိုးမျိုးဘမ်းပြပြီး ရံပုံငွေအတွက်ဟုဆိုကာ လောင်းကစားဝိုင်းများ ဖွင့်လှစ် - သိန်းချီ အခွန် ကောက်ယူကြောင်း ဒေသခံလူထုကဆိုသည်။

လွယ်ခေါ် ဘုန်းကြီးကျောင်း ပြုပြင်မွမ်းမံရေးအတွက် ဟုဆိုကာ ကျေးသီးမြို့နယ် မယက ဥက္ကဌ ဦးခင်လတ်က ခလရ ၁၃၁ တပ်ရေးဗိုလ်ကြီး ရဲမြင့်အောင်အား ဧပြီလ ၃ ရက်မှစ၍ ယခုထက်ထိ ကျေးသီးမြို့ ဘော်လုံးကွင်းတွင် လောင်းကစားဝိုင်း ကန်ထရိုက်ဆွဲခွင့် ပေးသည်ဟု ဆိုသည်။ လောင်းကစားဝိုင်းများ အခွန်ကျပ်ငွေသိန်း ၁၅ဝထည့်ရ မည်ဟုလည်း ဆိုပါသည်။

လောင်းကစားရုံ၊ ပွဲဆိုင်တန်း၊ ဇာတ်စင်အတွက် ကျေးရွာအုပ်စုများမှ ရွာခံကျေးလက်လူထုအား ဝါးလုံး အလုံးရေ ရဝ မှ ၁ဝဝ အထိ နွားလှည်း/ထော်လာဂျီတို့ဖြင့် အလကားတင်ပို့ရပြီး အဓမ္မလုပ်အားလည်း ဆင့်ဆိုခဲ့ကြောင်း ကျေးသီးမြို့ခံ တဦးကပြောပြသည်။ မယက ဥက္ကဌ ဦးခင်လတ်သည် ဖယ်ခုံဘက်တာဝန်ကျစဉ် ဘိန်းခြံအခွန် ကောက်စားမှုဖြင့် နာမည် ကြီးပြီး ယခုနှစ်ဦးပိုင်းမှ ကျေးသီးသို့ရောက်လာသည့် မယက ဥက္ကဌအသစ်ဖြစ်သည်ဟုဆိုပါသည်။

ထို့အတူလဲချားမြို့ ၌လည်း မတ်လ၂၉ ရက်မှစ၍ ၁ဝ ရက်တိတိ လောင်းကစားဝိုင်း ပြုလုပ်ကြသည်ဟု ဆိုပါသည်။ ဒေသခံ တဦးက - “ကျနော် တို့မြို့မှာ ကစားဝိုင်းဒိုင်က ဒုရဲအုပ်သိန်းဦး၊ မယကဆီမှာ ပွဲမိန့်ယူတယ်။ အကြောင်းပြချက် ကတော့ မြို့တော်စည်ပင်လှပရေးအတွက် လဲချားမြို့ မြောက်ဘက်နားမှာရှိတဲ့ နောင်ခမ်း ကန်ပျက်ပြုပြင်ဖို့ ရန်ပုံငွေ အတွက်တဲ့။  စျေး ဆိုင်တန်းနဲ့အတူ လောင်းကစားဝိုင်းအကြီးအကျယ်ဖွင့်တယ်။ အခွန်သန်းချီကောက်တယ်။  မြို့နယ် ဥက္ကဌ အပြင် ခမရ ၅၁၅ နဲ့ ခလရ ၆၄ တို့ကိုလဲခွဲဝေပေးကျွေးရတယ်လို့ပြောတာဘဲ။ ရပ်မိရပ်ဖ တွေကတော့ သားသမီး တွေ လောင်းကစားဝိုင်း နေ့ညမပြတ်သွား၊ အိမ်သုံးစရိတ်ထဲ နှိုက်ယူသွားတဲ့အတွက် မိသားစုစားဝတ်နေရေး အခက်အခဲ ဖြစ်တယ်လို့ ငြီးနေကြတယ်။ နောက်ပြီး ပွဲဆူညံသံနားငြီးလွန်းလို့ အိပ်မရဘူးတဲ့။ ဆိုင်ကယ် သူခိုးတွေလဲ အရမ်းများလာ တယ်၊ အဓမ္မလု ယက်မှုတွေလဲ မကြာခဏဘဲ” - ဟုဆိုပါတယ်။

ဝိုင်း ၂ဝ ကျော်ရှိသော အံစာတုံးလိမ့် (ကုံးကင်း)၊ ဟိုင်းလိုး နှင့် ၃ ကောင်ဂျင်ဝိုင်းများက တညလျှင် အခွန် ၁ သိန်း ၁ သောင်း ပေးရကြောင်း၊ ၃၆ ကောင်(ထီ)၊ လေးကောင်ဂျင် နှင့် ဖိုင့်ကျူး (ကျွဲကျိုဖဲ) စသည့်ဝိုင်းကြီးများက ပွဲသိမ်းချိန် အထိ ၆ သန်း အခွန်ဆောင် ရကြောင်း၊ ၁ဝ ပေ ဆိုင်ခန်းတခန်း ၁ သောင်း ၅ ထောင် အခွန်ပေးဆောင်ရ ကြောင်းဆို သည်။ ပွဲစည် စေရန် ရှမ်းဇာတ်သဘင် ကို တစ်ည ၃ သိန်းဖြင့် လောင်းကစားဝိုင်းဒိုင်က ငှါးလာခဲ့ကြောင်း၊ “ပွဲဒိုင်ကသန်း ၃ဝ ကျော် အခွန်ရမယ်။ ပွဲအတွက်အသုံး စရိတ် ဟိုကြွေးဒီကြွေးခက ၁၅ သန်းလောက်ဘဲ ကုန်တယ်ဆိုတော့ သူ့မှာ အနည်းဆုံး ၁၆ သန်းလောက်ကျန်တယ်” ဟုဆို၏။

ပြည်ထောင်စု အမြစ်တည်ရာ ပင်လုံမြေတွင်လည်း လောင်းကစားဝိုင်းဖွင့်လှစ်မှုရှိပြီး မိုင်းကိုင်မြို့တွင်မူ ဝမ့်ဖွီးကျေးရွာ အုပ်စု၌ ဖွင့်လှစ်ကြောင်း ဒေသခံများကဆိုသည်။

သျှမ်းပြည်နိုင်ငံရေးစောင့်ကြည့်လေလာသူတဦးက - “ကျနော်တို့သျှမ်းပြည်ထဲ အခုလို လောင်းကစားဝိုင်း ကျယ်ကျယ် ပြန့်ပြန့်မလုပ်တာကြာပြီ၊ ပထမအချက်က စစ်အာဏာပိုင်တွေ လူထုကိုအာရုံလွှဲတာဘဲ၊ နိုင်ငံရေးဘက်စိတ်မဝင်စား အောင် ပေါ့။ ဒုတိယအချက်ကတော့ ရွေးကောက်ပွဲမတိုင်ခင် ရန်ပုံငွေရှာထား တာဖြစ်ဖို့များတယ်။ နောက်တခုက - စစ်အစိုးရဌာနချုပ် နေပြည်တော် အမိန့်အရ စစ်တိုင်း၊ ဒကစ၊ ဗျူဟာ၊ တပ်ရင်း၊ တပ်ခွဲတိုင်း  ကိုယ်ပိုင်ရန်ပုံငွေ ရှာခိုင်း တယ်၊ ဆိုလိုတာက အထက်က လစာအပြည့်အဝ မပေးမကျွေးနိုင်လို့ အခုလိုတိုင်းပြည်အနှံ့ လောင်းကစားဝိုင်းဖွင့်လာ တာဖြစ်တယ်” - ဟုဆို ၏။

၂ဝဝ၉ နွေရာသီတွင် သံလွင်အရှေ့ ခြမ်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ ရှင်ပြုပွဲ ကိုအကြောင်းပြုပြီး ဒေသခံ စစ်ဗျူဟာမှူး အား လောင်းကစားဝိုင်းဒိုင်က လာဘ်ငွေထိုးကာလောင်းကစားဝိုင်းဖွင့်ခဲ့သည်။ မိုင်းပြင်းမြို့နယ် တုံတာတိုက်နယ် သိမ် တော် အလှူပွဲတွင်လည်း လောင်းကစားဝိုင်းရှိခဲ့သည်။ ကျိုင်းတုံမြို့နယ်အပါအဝင် သံလွင် အနောက်ခြမ်း၊ သျှမ်းပြည်တောင်ပိုင်း မြို့တော်တော်များနှင့် မူဆယ် ၁ဝ၅ မိုင် ၊ နမ့်ခမ်း၊ လားရှိုးတို့တွင်လည်း လောင်းကစားဝိုင်းများဖွင့်လှစ်ကြောင်းဒေသခံများ က ဆိုသည်။

Most read this week