ငွေသိန်းချီပါတဲ့ ရှမ်းရွာသား ဖမ်းဆီးခံရစဉ် သေဆုံး

ငွေသိန်းချီပါတဲ့ ရှမ်းရွာသား ဖမ်းဆီးခံရစဉ် သေဆုံး
ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဟိုပေါ့ကျေးရွာသား စိုင်းထွန်းအောင်သည် ရာဘစိတ်ကြွရူးသွပ်ဆေးပြား (၅) ပြား ကျပ်ငွေ (၅) သိန်းဝန်းခန့်နှင့် အတူ ရဲ၏ ဖမ်းဆီးခံရပြီးနောက် လက်သည်မပေါ်ပဲ သေဆုံးသွားခဲ့ ...

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့နယ် ဟိုပေါ့ကျေးရွာသား စိုင်းထွန်းအောင်သည် ရာဘစိတ်ကြွရူးသွပ်ဆေးပြား (၅) ပြား ကျပ်ငွေ (၅) သိန်းဝန်းခန့်နှင့် အတူ ရဲ၏ ဖမ်းဆီးခံရပြီးနောက် လက်သည်မပေါ်ပဲ သေဆုံးသွားခဲ့သည်။

မတ်လ (၂၉) ရက်နေ့ ည (ဂ) နာရီဝန်းကျင်ခန့် တွင် ပန်ခမ်းနှင့်ဟိုပေါ့ကျေးရွာ လမ်းဆုံအနီး၌ စိုင်းထွန်းအောင် အသက် (၄ဝ) နှစ်သည် ကင်းလှည့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး ၄င်းလမ်းဆုံနေရာတွင်ပင် မှောက်လျှက်အနေ အထားဖြင့် သေဆုံးနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ပြောသည်။

“အဲဒီစိုင်းထွန်းအောင်က ဟိုပေါ့ကနေ ပန်ခမ်းဘက်ကိုအသွား မတ်လ (၂၉) ရက်နေ့ ည (ရ) နာရီနဲ့ (ဂ) နာရီ ကြားလောက်မှာ ရဲအဖွဲ့တစ်ဖွဲ့နဲ့ တွေ့ပြီး အဖမ်းခံလိုက်ရတယ်။ သူ့မှာက ငွေ (၃)သိန်းနဲ့ (၅) သိန်းကြားပါတယ်။

ရဲကသူ့ကိုဖမ်းမိမိခြင်း လက်ထိပ်ခတ်ပြီးစစ်ဆေးတယ်။ ငွေနဲနဲပိုပေးနိုင်ရင် ရဲကပြန်လွတ်ပေးမယ်ဆို တော့ သူ့သား ဆီကိုဖုန်းဆက်တယ်၊ ရဲဖမ်းခံနေရတဲ့ အကြောင်း ငွေယူပြီးအမြန်လာဖို့အကြောင်း ဖုန်းဆက်ပြော သွားတာပေါ့ ” ဟုအဆိုပါ ဒေသခံတစ်ဦးက ပြောသည်။

စိုင်းထွန်းအောင်က၄င်း၏ သားဖြစ်သူ မောဝ်လျဲန့်ထံ ဖုန်းဆက်ပြောပြီး နောက်ပိုင်း မောဝ်လျဲန့်လိုက်သွားချိန်  ဟိုပေါ့နှင့် ပန်ခမ်းလမ်းဆုံတွင် ၄င်း၏ ဖခင်မှောက်လျက်သေဆုံးနေပြီး အနီးတွင် ရဲများနှင့်အတူ တွေ့ရှိရပြီး ရဲ များက ဆိုင်ကယ်မှောက် သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည် ၊၊

၄င်း၏ ဖခင်အလောင်းအား မူဆယ်ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကာ မတ်လ (၃ဝ) ရက်နေ့တွင် သဂြိုလ်လိုက် ကြောင်း သိရသည် ၊၊

“ရဲပြောတာက ဆိုင်ကယ်မှောက်ပြီးသေသွားတယ်၊ နောက်ပြီးသူ့ဆီမှာတော့ ရာမ (၅) လုံး ဖမ်းမိတယ်လို့ ပြောတယ်၊ ပါသွားတဲ့ငွေတော့ တစ်ပြားမှပြန်မရဘူး၊ သူ့ခေါင်းနောက်စေ့မှာ တုတ်ရိုက်ထားတဲ့ ဒဏ်ရာရှိတယ် ” ဟုသူက ပြောသည်။

ဤ သတင်းနှင့် ပတ်သက်၍ မူဆယ်ရဲစခန်းနှင့် ဆေးရုံတို့ထံဖုန်းဆက်မေး ခဲ့ပေသောလည်း ဆက်သွယ်လို့ မရရှိခဲ့ပေ။

လွန်ခဲ့သည့် မတ်လနှောင်းပိုင်း ကလည်း နမ့်ခမ်းမြို့နယ်အတွင်းရဲကမူးယစ်ဆေးဝါးဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်သဖြင့်  ကချင်ပြည်နယ် မန်စီမြို့နယ် နောင်ကျွမ်းရွာသား စိုင်းလှဝေ သေဆုံးသွားခဲ့ရသည်။

Most read this week