နိုင်ငံရေး အဆင်မပြေပါက အချိန်မရွေး သေနတ် ပြန်ပေါက်နိုင်

နိုင်ငံရေး အဆင်မပြေပါက အချိန်မရွေး သေနတ် ပြန်ပေါက်နိုင်
by -
ဇော်ကြီး

မကြာသေးခင်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည်ပြန်လည် တည် ဆောက်ရေးကောင်စီ SSA/ RCSS အဖွဲ့က နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြေလည်မှုမရပါက အချိန်မရွေး သေနတ် ပြန်ပေါက်နိုင်ကြောင်း ပြောဆို လိုက်သည်။

gys_n
အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့နံနက်က SSA/ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်း၌ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဟန်းသံဃာ၊ ပြည်သူလူထုများနှင့် တပ်ဖွဲ့ဝင်များအား  RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ယင်းသို့ ပြောဆိုလိုက်ကြောင်း အခမ်းအနား တက်ရောက်ခဲ့သည့်တပ်မှူး တဦးက အခုလိုပြောသည်။

“အပစ်အခတ် ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးကို ခွဲပြတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ကိုယ့်သေနတ် ကိုယ်ကိုင်ထားပြီး ပစ်ခတ်မှုမလုပ်ဘဲ နှစ်ဦး သဘောတူ ရပ်ထားတာပေ့ါ။ ငြိမ်းချမ်းရေး ဆိုတာက နိုင်ငံရေးအရ ဖြေရှင်းပြီးတော့ တိုင်းပြည် အေးအေးချမ်းချမ်း ဖြစ်သွားတယ်ဆိုတဲ့ အကြောင်းကို ပြောပြတာ။ အခုလုပ်တာက အပစ်ရပ်ထားတာပဲ ဖြစ်တယ်။ တကယ်လို့ နိုင်ငံရေး အဆင်မပြေရင် အချိန်မရွေး သေနတ် ပြန်ပေါက်လို့ ရတယ်ပေ့ါ။”

တချိန်တည်းတွင် RCSS အဖွဲ့က ယနေ့ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး အစိုးရအဖွဲ့ အနေနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ သွေဖယ်နေခြင်း၊ လူ့အခွင့်အရေးများ ပိတ်ပင် တားဆီးခြင်းနှင့် တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ဆက်လက် ကျူးလွန်နေပါက မိမိကိုယ်မိမိ ကာကွယ်ရန်နှင့်တိုင်းပြည် နှင့် အမျိုးသားရေးအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

ထို့အပြင် ပြည်နယ်အစိုးရက ဆုံးဖြတ်ချက်ချမှတ်ရန် ခက်ခဲနေသည့် အချက်များအား ပြည်ထောင်စု အစိုးရအဆင့်တွင် ဆက်လက်ဆွေးနွေးရန်နှင့် ယင်းလုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရအပေါ် မူတည်သည်ဟုလည်း ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “နိုင်ငံရေး ဆွေးနွေးပွဲတွေက ရေရှည်ပြုလုပ်ရမယ့် ကိစ္စဆိုတော့ အဲဒီကိစ္စ က နည်းနည်း ကြန့်ကြာ နိုင်တယ်။” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် တပ်မှူးက သုံးသပ်ပြောဆို သည်။

အပစ်အခတ် ရပ်စဲရေးအတွက် ပထမ အကြိမ် ဆွေးနွေးပွဲကို အစိုးရဘက်မှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲနှင့် SSA/ RCSS ဘက်မှ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ နို၀င်ဘာလ (၁၉) ရက်နေ့က ထိုင်းမြန်မာ နယ်စပ် တနေရာ၌ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲ၌ အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက် ဆက်သွယ်ရေးရုံးများ ထားရှိရန်၊ လက်နက် ကိုင်ဆောင် ခြင်း မပြုဘဲ လွတ်လပ်စွာ သွားလာနိုင်ရန်နှင့် နိုင်ငံရေးကိစ္စများကို ပြည်ထောင်စု အဆင့်တွင် ဆွေးနွေးရန် စသည့် ငြိမ်းချမ်းရေးမူ လေးချက်ကို အစိုးရဖက်က တင်ပြခဲ့သည်။

အလားတူ SSA/ RCSS ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာကို လွတ်လပ်စွာ ဖြေရင်းရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဗဟိုဌာနချုပ် နယ်မြေ သတ်မှတ်ပေး ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်ပါ၀င်ရေး စသည့် အချက်လေးချက် ကို တင်ပြခဲ့ရာ ၀န်ကြီး ဦးအောင်မင်းက တရားဝင် လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ပြည်နယ်အဆင့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာလ (၂) ရက်နေ့က တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ ပြည်နယ်ဝန်ကြီးချုပ် စောဝ်အောင်မြတ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ကိုယ်စားလှယ် (၁၀) ဦး နှင့် SSA/ RCSS ဘက်မှ ဗိုလ်မှူးချုပ် စိုင်းလူး ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးတို့က နှစ်ဖက် တင်ပြချက်(၈) ချက် အား  မူအရ လက်ခံခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့သည် ၁၉၈၉ ခုနှစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် ဦးခွန်ဆာ ဦးဆောင်သည့် အဖွဲ့မှ ခွဲထွက်ခဲ့ပြီး အစိုးရကို လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week