အစိုးရက စွပ်စွဲပြောဆိုခြင်းဖြစ်သည်ဟု KIO ကငြင်းဆို

အစိုးရက စွပ်စွဲပြောဆိုခြင်းဖြစ်သည်ဟု KIO ကငြင်းဆို
by -
ဇော်ကြီး

ရှမ်းပြည်နယ် မူဆယ် ခရိုင်အတွင်း အစိုးရတပ်ဖွဲ့ က နယ်မြေရှင်းလင်းစဉ် KIA တပ်ဖွဲ့ထံမှ လက်နက် ခဲယမ်းများ အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ် ဆေး ထုတ်လုပ်သည့် စက်ကိရိယာများ သိမ်း ဆည်းမိ သည်ဟု ယနေ့ထုတ် အစိုးရပိုင်သတင်း စာက ဖော်ပြလိုက်သည်။

ထို့အပြင် မူဆယ်မြို့နယ်အတွင်းရှိ တီးမား ရဲဘက် စခန်းအား စက်တင်ဘာလ (၂၁) ရက်နေ့က KIA မှ ၀င်ရောက် စီးနင်းခဲ့ပြီး ရဲဝန်ထမ်း(၃) ဦး၊ အကျဉ်းဦးစီးဌာနမှ ၀န်ထမ်း (၃) ဦး အပါအဝင် လက်နက် (၈) လက်နှင့် အကျဉ်းသား (၅၅) ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆက်လက် ဖော်ပြသည်။

အထက်ပါ ကိစ္စရပ်များသည် အစိုးရက စွပ်စွဲပြောဆိုခြင်းသာ ဖြစ်သည်ဟု ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ငြင်းဆိုလိုက်သည်။

“အကျဉ်းစခန်းနဲ့ ပတ်သက်ပြီး ပြောချင်တာက (၂၁) ရက်နေ့ ညနေပိုင်းမှာ အားလုံးကို ပြန်လွတ်လိုက် တယ်ခင်ဗျ။ ကျနော်တို့ရဲ့ နောက်တန်းစခန်းကို ခေါ်သွားတာမျိုး မလုပ်ခဲ့ဘူး။ လက်နက် (၈) လက်တော့ ကျနော်တို့ ယူထားလိုက်တယ်။ အကျဉ်းသားတွေ ကိုလည်း ကောင်းကောင်းမွန်မွန် နေကြဖို့ မှာသင့်တဲ့ စကား မှာပြီး တော့ လွတ်လိုက်ပြီ။ သူတို့ကလည်း ကျေးဇူး တင်ကြောင်း  ပြောပြီးတော့ ပြန်သွားကြ တယ်ဆိုတဲ့ report တော့ ရတယ်ခင်ဗျ။”

ထို့အပြင် တက္ကနိုင်းကျေးရွာ အရှေ့တောင်ဖက်ရှိ အဆောက် အဦးတခုအတွင်းမှ သိမ်းဆည်း ရမိသည့် မူးယစ်ဆေးဝါးများကို ပုံနှင့်တကွ ဖော်ပြထားပြီး KIA က မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသည်ဟု အစိုးရပိုင် သတင်းစာက ဆိုသည်။

တက္ကနိုင်းကျေးရွာသည် အစိုးရအဖွဲ့၏ ဌာနဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးရုံးစိုက်သည့် နေရာဖြစ်ပြီး မူဆယ်မြို့နှင့် KIA တပ်ရင်း(၉) အခြေစိုက်စခန်း အကြားတွင်တည်ရှိသည်။ ထို့အပြင် တပ်ရင်း (၉)နှင့် (၁၀) မိုင်ခန့် ကွာဝေးသဖြင့် KIA တပ်ဖွဲ့ ထိန်းချုပ်သည့် ဒေသ မဟုတ်သလို သိမ်းဆည်းမိသည့် ပစ္စည်းများသည် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ပိုင် ပစ္စည်းများသာ ဖြစ်သည်ဟု သိရကြောင်း ဦးလနန်က အခုလို ပြောသည်။

“အမှန်တကယ်တော့ အဲဒီမှာ ဖမ်းဆီး ရမိတဲ့ပစ္စည်းတွေဟာ KIA နဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။ ကျနော်တို့ စုံစမ်းရသလောက် ကတော့ အဲဒီဒေသဟာ မူးယစ်ဆေးတွေကို လက်ကား ဖြန့်တဲ့နေရာလို့ သိရတယ်။ အဲဒီမှာ ဖြန့်တဲ့ အဖွဲ့တွေက ရှော့ဟော့နဲ့ လုံထန်ဆိုတဲ့ ပြည်သူ့စစ်အဖွဲ့ တွေက နေပြီးတော့ ဖြန့်နေတာဖြစ်တယ်။ ဒေသခံတချို့နဲ့ ပူးပေါင်းပြီးတော့ လုပ်တဲ့ မူးယစ်ဆေးတွေ ဖြစ်ပါလိမ့်မယ်။”

ထို့အပြင် မူဆယ် ခရိုင်နှင့် မြို့နယ် အထူးမူးယစ် တပ်ဖွဲ့ဝင်များကလည်း ယင်းကျေးရွာသို့ မကြာခန လာရောက်ပြီး မူးယစ်ဆေး ရောင်းဝယ်သူများထံမှ ငွေကြေး တောင်းယူမှုမျိုး ပြုလုပ်လေ့ ရှိသည်ဟု အခုလို ဆက်ပြောသည်။

“ဒီဒေသမှာ အဲလိုမျိုး လုပ်နေတယ်ဆိုတာ သက်ဆိုင်ရာ အာဏာပိုင်တွေက သိပြီးသားတွေပါ။ အရင်တုန်း ကလည်း ဖမ်းဆီးတာမျိုး ရှိရင် ရှိပါလိမ့်မယ်။ ဒါပေမယ့် ပိုက်ဆံနဲ့ ပြန်ပြီး ဒဏ်တပ်တာမျိုးဘဲ လုပ်နေတယ်။ အခုကျမှ KIA တပ်မဟာ(၄)ကို ထိုးစစ်ဆင်တော့မှ အဲဒီပစ္စည်းတွေကို အဖမ်းပြပြီးတော့ KIO က မူးယစ် ဆေးဝါး မှောင်ခို လုပ်နေတဲ့ အဖွဲ့ဖြစ်တယ် ဆိုပြီး စွပ်စွဲချင်လို့ လုပ်တဲ့ကိစ္စပါ။”

ယခုကဲ့သို့ စွပ်စွဲပြောဆိုမှုများသည် အစိုးရနှင့် KIO အကြား အပစ်အခတ်ရပ်စဲရေး ကိစ္စအပေါ် အနှောင့် အယှက် ဖြစ်စေသည့် အပြင် နှစ်ဖက် ဆွေးနွေးရေး လမ်းကြောင်းပေါ်မှ သွေဖယ်သွားနိုင် သည်ဟု သုံးသပ် ပြောဆိုသည်။

“ကျနော်တို့ရဲ့ KIO အဖွဲ့ကို မတရားအသင်းပုံစံဖြစ်အောင် အဖျက်အမှောင့် လုပ်တဲ့ အဖွဲ့အစည်း ပုံစံ ဖြစ်အောင် မီးမောင်းထိုးချင်တဲ့ အနေနဲ့ အခုလိုမျိုး လုပ်နေခြင်းအားဖြင့်တော့ စေ့စပ်ညှိနှိုင်းမှု မှာ နှစ်ဖက် ယုံကြည်မှု ကတော့ တည်ဆောက်လို့ ရမှာမဟုတ်ဖူး ခင်ဗျ။ အခုက ယုံကြည်မှုကို လုံးဝ ပျက်ပြားအောင် လုပ်လာတဲ့အခါမှာ ရှေ့ဆက်ပြီးတော့ ညှိနှိုင်းဆွေးနွေးဖို့က အလှမ်းတော့ ဝေးတော့ ဝေးသွား မယ်လို့ ထင်တယ်ခင်ဗျ။”

အစိုးရတပ်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ KIO တပ်ဖွဲ့များထံ ထိုးစစ်ဆင် တိုက်ခိုက် နေစဉ် နယ်မြေချင်း ဆက်စပ်နေသည့် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ ဖြစ်သည့် “၀” နှင့် မိုင်းလား တပ်ဖွဲ့တို့အား ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းရန် စည်းရုံးခဲ့သည်။ အလားတူ ကရင်၊ မွန်နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများ ပြုလုပ် နေသည်။

KIO နှင့် စစ်အစိုးရတို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ(၉) ရက်နေ့ က တာပိန်ရေအားလျပ်စစ် စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week