ကချင်ပြည်နယ်တွင် ရှမ်းနှင့် ကချင်လူမျိုးများ အကြား သွေးကွဲစေမည့် စာများဖြန့်

ကချင်ပြည်နယ်တွင် ရှမ်းနှင့် ကချင်လူမျိုးများ အကြား သွေးကွဲစေမည့် စာများဖြန့်
by -
ဇော်ကြီး

ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေးအဖွဲ့နှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အကြား အပစ်အခတ် ရပ်စဲရန်   ဆွေးနွေးနေသည့် ကာလအတွင်း ကချင်နှင့် ရှမ်းလူမျိုးများ အကြား သွေးကွဲစေမည့်စာများကို ရှမ်းအမျိုးသားများအများ စု နေထိုင်ရာ မိုးညှင်းနှင့် မိုးကောင်းမြို့များတွင် ဖြန့်ဝေနေသည်ဟု ဒေသခံများက ပြောသည်။

မိုးကောင်းဒေသခံ ရှမ်းခေါင်းဆောင် တဦးက မိုးညှင်းနှင့် မိုးကောင်းမြို့များရှိ လူစည်ကားရာ နေရာများတွင် ယင်းစာများကို ယခုလ(၁၇) ရက်နေ့က ကပ်ထားခြင်းဖြစ်သည်ဟု ပြောသည်။

ပထမစာ၌ ကချင်ပြည်နယ်အတွင်း လူသတ်၊ ဆက်ကြေးတောင်းခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များရပ်ဆိုင်း ရန်နှင့် ငြိမ်းချမ်းရေး ချက်ချင်းပေးဟု မင်အပြာဖြင့် ရေးသားထားသည်။

ဒုတိယစာတွင်မူ ငြိမ်းချမ်းရေးအတွက် နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရန်နှင့် ပြည်သူ့ဆန္ဒ သဘောထားကို လိုက်နာရန်ဟူသည့် အချက်(၇)ချက်ကို ရေးသားထားသော်လည်း နံပါတ်(၆)ပါအချက်တွင် “ထာဝရငြိမ်းချမ်း ရေး မရှိလျှင် မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏ အောက်တွင် မနေလိုပါ” ဟု မင်နီဖြင့် ရေးသားဖော်ပြထားသည်။

ယင်းသို့ ဖော်ပြမှုသည် ကချင်ပြည်နယ်အတွင်း ရှမ်းနှင့် ကချင်လူမျိုးများအကြား သွေးခွဲသည့်သဘောဖြစ် သည်ဟု မိုးကောင်းမြို့မှ အမည်မဖော်လိုသည့် ရှမ်းခေါင်းဆောင် တဦးက ယခုလို ပြောသည်။

“တယောက်မှလည်း ဖမ်းဆီးမှု မရှိဘူး။ ကျယ်ကျယ်ပြန့်ပြန့်လည်း ကပ်တယ်။ မိုးညှင်းမှာလည်း ကပ်တယ်။ မိုးကောင်းမှာလည်း ကပ်တယ်။ အဓိကတော့ ငြိမ်းချမ်းရေးကို ဦးတည်ထားတယ် ဆိုပေမယ့် အဲဒီမင်နီနဲ့ ရေးထားတဲ့ စာသားတွေက သွေးခွဲတဲ့ သဘောဖြစ်တယ်လေ။”

မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း “သာမန်လူကပ်ရင်တော့ ချက်ချင်းဖမ်းဆီး ပြီးမှ အရေးယူမှာပဲဗျ။ ဒါက အမှန်ပြောရရင် လက်ရှိ နိုင်ငံတော်က တည်ဆောက် ထားတဲ့ နိုင်ငံရေးဦးတည် ချက် (၃) ရပ်မှာပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတဲ့ ကိစ္စမှာ ဒီနံပါတ် (၆) အချက်ကို ကြည့်ရင် မိုးညှင်းခရိုင်က ရှမ်းအများဆုံးဘဲလေ။ အဲဒီတော့ ရှမ်းနဲ့ ကချင်ကို လူမျိုးရေးအရတိုက်ရိုက်မဟုတ် ပေမယ့် သွယ်ဝိုက်ပြီးတော့ ရန်တိုက်ပေးနေတယ်ဆိုတာ သေခြာတယ်လေ။”  ဟု ၎င်းကသုံးသပ်ပြောဆို သည်။

ယင်းစာများကို အစိုးရ၏ အာဘော်များကို ထင်ဟပ်ရေးသားနေသော ကျေးစေတမန် ဘလော့စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က မိုးညှင်းခရိုင်အတွင်း ရှမ်းလူမျိုးများအများစု နေထိုင်သော်လည်း KIO အဖွဲ့အပေါ် ထောက်ခံသည့် ပြည်သူလူထု အများအပြား ရှိနေသည့်အတွက် ယခုလုပ်ရပ်သည် အစိုးရက တမင် ဖန်တီးခြင်းသာ ဖြစ်သည်ဟု ပြောသည်။

“အဲဒါကတော့ မိုးညှင်းဒေသခံတွေရဲ့ သဘောထားတော့ ဟုတ်မယ် မထင်ဘူးခင်ဗျ။ သူတို့က နေပြီး တော့ ကြားကနေ သပ်သျှိုပြီးတော့   သွေးခွဲတဲ့ ပုံစံပါပဲခင်ဗျ။ ဒါကသူတို့ လုံးဝ မရေးသင့်တဲ့ စာသား တွေပါ။ သူတို့ကနေပြီးတော့ တမင်သက်သက် အဲလို ဖြစ်အောင် ပြဿနာကို ဆွတဲ့ သဘောပါ။”

ထို့အပြင် ယခုလို ရေးသားဖြန့်ဝေမှုသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO အား ဆန့်ကျင်သည်ဆိုခြင်း ထက် နိုင်ငံတော်၏ ဥပဒေကို ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည့်အတွက် တရားခံ ဖော်ထုတ်ဖမ်းဆီးမိရန် အစိုးရထံ တာဝန်ရှိသည်ဟု ဆက်လက်ပြောဆိုသည်။

“တကယ်လို့များ အဲလိုတွေ ပေါ်လာတယ်ဆိုရင် ဘယ်သူရေး၊ ဘယ်သူ ဖြန့်တယ်ဆိုတာတော့ အစိုးရကနေ ဖော်ထုတ် အရေးယူဖို့လိုတယ်။”

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန်နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရန် ပြည်နယ်အတွင်းရှိ ရှမ်းနှင့် ကချင် လူမျိုးနွယ်စုများ၊ ဗမာလူမျိုးများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင် များက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ပေးပို့သည့် စာများ ကို နိုင်ငံပိုင်သတင်းစာများမှ နေ၍ ယခု ရက်ပိုင်းအတွင်း ဆက်တိုက် ဆိုသလို ဖော်ပြနေသည်။

ယင်းသို့ ဖော်ပြနေမှုများသည် KIO အဖွဲ့အပေါ် ပြည်သူတရပ်လုံးမှ အထင်အမြင်လွဲမှားစေရန် အစိုးရက တမင် ဖန်တီးမှုများသာ ဖြစ်နိုင်ပြီး ယင်းစာများ ရေးသား ဖြန့်ဝေနေမှုသည် အကောင်းဖက်သို့ ဦးတည် နိုင်မည်မဟုတ် ဟု ဦးလနန် ကပြောသည်။

လွန်ခဲ့သည့် ၁၉၇၆ ခုနှစ်က မိုးညှင်းမြို့တွင် ရှမ်းနှင့် ကချင်လူမျိုးတို့ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီးသွေးချောင်းစီး သည့် လူသတ်မှုများ ဖြစ်ခဲ့ဖူးသည်။ ယခုလို ရေးသား ဖြန့်ဝေမှုများသည် ယခင်က ဖြစ်ရပ်များ အပေါ်ဦးတည် သွားရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုသည်။

မိုးညှင်းနှင့် မိုးကောင်းမြို့တို့တွင် ယခုလ (၁၇) ရက်နေ့က ကပ်ထားသည့် စာပါ အကြောင်း အရာများ။
ပထမစာရွက်

ပြည်သူ့ဆန္ဒ
၁။ လူသတ် မိုင်းခွဲ လုပ်ရပ် ချက်ချင်းရပ်။
၂။ လူသတ် ဆက်ကြေးတောင်း အဓမ္မလုပ်ရပ် ချက်ချင်းရပ်။
၃။ သံလမ်းဖျက် တံတားချိုးလုပ်ရပ် ချက်ချင်းရပ်။
၄။ ငြိမ်းချမ်းရေး ချက်ချင်းပေး။

ဒုတိယ စာရွက်

၁။ ဥပဒေဘောင်အတွင်း အမြန်ဝင်ရောက်လာပါ။
၂။ နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းပါ။
၃။ နှစ်ဖက် နားလည်မှု တည်ဆောက်ပါ။
၄။ နိုင်ငံတော်နှင့် ပြည်သူတို့၏ သဘောထားကို လေးစားပါ။
၅။ ကချင်ပြည်နယ်တွင် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ပါ။
၆။ ထာဝရ ငြိမ်းချမ်းရေး မရှိလျှင် မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏အောက်တွင် မနေလိုပါ။ (မင်နီဖြင့်ရေးသားဖော်ပြထားသည်။)
၇။ ကချင်ပြည်နယ် တိုင်းရင်းသား လူမျိုးများ၏ ဆန္ဒကို အကောင် အထည်ဖော်ပါ။

Most read this week