အင်္ဂပူမြို့နယ် နန်ကသူဆည် ဖောက်ချ၊ လယ်ဧက ရ၀၀ ကျော် ပျက်စီး

အင်္ဂပူမြို့နယ် နန်ကသူဆည် ဖောက်ချ၊ လယ်ဧက ရ၀၀ ကျော် ပျက်စီး
by -
အားမီ

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်အား ဖောက်ချလိုက်၍ ဆည်အနီးဝန်းကျင် ကျေးရွာများရေ လျှံလျက်ရှိပြီး လယ်ဧက ရ၀၀ ကျော်ရှိ ပျိုးစပါးပင်များ ရေမြုပ်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

အင်္ဂပူမြို့နယ်မှ ဒေသခံတစ်ဦးက “မိုးက အရမ်းကြီးပြီး ဆည်ထဲမှာ ရေတွေပြည့်နေတော့ ဖောက်ချတာ။ ပျိုးစပါးတွေ ပျက်တယ်။ အခုဟာက ပုပ်ကုန်တာတော့ မဟုတ်ဘူး။ ဆည်ကို ဖောက်ချလိုက်တော့ ရေက အရှိန်နဲ့ ရေစီး အရမ်းသန်တော့ ပျိုးပင်တွေ ပါကုန်ပြီး ပျက်ကုန်တာ။” ဟု ပြောပြသည်။

ထိုဆည်ရေဖောက်ချမှုကြောင့် နန်ကသူဆည် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရေများလျှံတက် နေဆဲဖြစ်ပြီး လူအသေအပျောက် ရှိသည်ဟူသော အတည်မပြုနိုင်သည့်   ပြောဆိုချက်များ ဒေသခံများ အကြား ထွက်ပေါ်နေသည်။

အင်္ဂပူမြို့နယ်သို့ရောက်ရှိနေသော လယ်သမားများအရေးဆောင်ရွက်နေသည့် ရန်ကုန်မြို့မှ အကျိုးဆောင် ရှေ့နေ ကိုဖိုးဖြူက ၎င်းဆည်အား ပြီးခဲ့သည့် သြဂုတ် ၆ ရက်နေ့တွင် ဒေသခံအာဏာပိုင်များက ဖောက်ချ လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

ထိုသို့ဆည် ဖောက်ချမှုကြောင့် နန်ကသူဆည် အောက်ပိုင်းရှိ ကျေးရွာများတွင်လည်း ရေများလျှံတက်နေပြီး ဒေသခံများ နေထိုင်စားသောက်ရေး ခက်ခဲနေကြသည်ဟု   ရှေ့နေကိုဖိုးဖြူက ဆက်လက် ပြောပြသည်။

“အခုဆို နန်ကသူဆည် အောက်ဘက်ကရွာတွေဆိုရင် သွားလို့တောင်မရတော့ဘူး။ ရေစီးသန်လို့ လှေနဲ့တောင် သွားလို့မရဘူး။ ဒီနေ့ဆိုရင် အဆက်အသွယ်ကလည်း လုံးဝ ပြတ်ကုန်တယ်။”

နန်ကသူဆည် ဖောက်ချမှုနှင့်ပတ်သက်ပြီး အင်္ဂပူမြို့နယ်ရှိ ဆည်မြောင်းဦးစီးဌာနအား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း တစုံတရာ ဖြေကြားခြင်း မရှိပေ။ ယင်းဆည်   အောက်ပိုင်းရှိ ဒေသများသို့ ယမန်နေ့က ဒေသခံအာဏာပိုင်များက ဆန်၊ အစားအစာ၊ သောက်ရေနှင့် အိုးခွက်ပန်းကန် ပေးဝေခဲ့သော်လည်း လုံလောက်ခြင်း မရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

နန်ကသူရေလှောင်တမံသည် ဒေသတွင်းရှိ လယ်ဧက ၁၄,၀၀၀ စိုက်ပျိုးရေ ရရှိရန် အကျိုးပြုသည် ဟု ပြည်တွင်း ထုတ် မြန်မာပို့စ် သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

Most read this week