စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ဟု KIO ကပြော

စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်ဟု KIO ကပြော
by -
ဇော်ကြီး

ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIAတပ်ဖွဲ့ များနှင့် အစိုးရတပ်ဖွဲ့များအကြား ယခု ရက်ပိုင်း အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့်ဒေသ တွင်း အခြေအနေ ပိုမို တင်းမာလာနိုင် သည်ဟု KIO အဖွဲ့က ပြောသည်။

တာပိန် ရေအားလျှပ်စစ်စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် အစိုးရတပ်ဖွဲ့တွေကကချင်ပြည် လွတ် မြောက် ရေးတပ်မတော် KIA တပ်မဟာ(၃) ဒေသအတွင်းရှိ အခြေစိုက်စခန်းများကို ယခုရက်ပိုင်းအတွင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် လွန်ခဲ့သည့် သုံးရက်ခန့်မှစတင်၍ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ အနီးသို့ အစိုးရတပ်ဖွဲ့များ တဖြည်းဖြည်း ချဉ်းကပ်လာမှုကြောင့် ဒေသတွင်း စစ်ရေးအခြေအနေစိုးရိမ်ရ သည်ဟု KIA တပ်မဟာ(၃) ဒေသမှ အရာရှိ တဦးက ပြောသည်။

“အခုဝင်လာတဲ့ စစ်ကြောင်းက ၀ုိင်းမော်မြို့နယ်ကနေ ၀င်လာတယ်။ နမ်ဆန်ယန်ကနေ ၀င်လာပြီးတော့ ကျနော်တို့ မိုးလွဲချောင်းရဲ့ တောင်ဖက် လိုင်ဇာကနေဆိုရင် (၆) မိုင်၊ (၇) မိုင် ဝေးတဲ့နေရာမှာ သူတို့ တောကို ၀င်နေပြီ။ လောလောဆယ် အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေပေ့ါ။ အဲဒါကတော့ အနီးကပ်ဆုံးစစ်ကြောင်းပေ့ါ။”

အလားတူ မြစ်ကြီးနားမှ ဗန်းမော်နှင့် လိုင်ဇာသို့ သွားရာ ကားလမ်းတလျှောက်တွင်လည်း အစိုးရတပ်ဖွဲ့များ ယခင်ကထက် အင်အားပိုမို တိုးမြင့် ချထားခဲ့ပြီး အခြား တပ်မဟာများတွင်လည်း စစ်ရေး လှုပ်ရှားမှုများ ရှိနေသည့်အတွက် လက်ရှိအခြေအနေထက် စစ်ရေးအရ ပိုမိုတင်းမာ လာနိုင်သည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

“အောက်ခြေက တက်လာတဲ့ သတင်းအပေါ်မှာ ကျနော်တို့ကလည်းသုံးသပ်ကြည့်တာပေ့ါနော်။ တင်းမာ လာနိုင် တယ် ဆိုတဲ့ အခြေအနေ အတိုင်းအတာတခုထိ ရောက်နေတယ်လို့ ပြောလို့တော့ ရတယ်ခင်ဗျ။”

ထို့အပြင် လွန်ခဲ့သည့် ရက်များက တိုက်ပွဲဖြစ်ပွားခဲ့သည့် တာပိန် ရေအားလျှပ်စစ် စီမံကိန်း နေရာသို့လည်း ယမန်နေ့ညက စစ်ကားခြောက်စီးခန့် ရောက်ရှိ အင်အားဖြည့်ထားကြောင်း သိရသည်။

တချိန်တည်းတွင် မြန်မာပြည်အလယ်ပိုင်းမှ အစိုးရတပ်များ ယခုရက်ပိုင်းအတွင်း ဗန်းမော်မြို့ သို့ရောက်ရှိ လာသည် ဟု အရပ်ဖက်သတင်းများအရ သိရသော်လည်း အင်အားနှင့် တပ်ဖွဲ့အမည်ကို မသိရသေးကြောင်း ဦးလနန်က ပြောသည်။

“သင်္ဘောက လေးစင်းရှိတယ်။ အဲဒီလေးစင်းစလုံး အပြည့်ပဲလို့ပြောတယ်။ မနေ့ညကတော့လက်နက်အပြည့် အစုံနဲ့ ကမ်းပေါ်တက်လာပြီးတော့ ခလရ(၄၇) တပ်ထဲမှာရှိတဲ့ ကားတွေနဲ့ ထွက်သွားကြတယ်ပြောတယ်။ ဒါပေမယ့် ဘယ်ဖက်ကို ထွက်သွားမှန်းတော့ မသိသေးဘူး။”

လောလောဆယ်တွင် အစိုးရတပ်ဖွဲ့များ တက်လာနိုင်သည့် လမ်းကြောင်းတလျှောက်ရှိ တံတားများကို KIA က မိုင်းခွဲဖျက်ဆီးမှုများရှိနေပြီး ယမန်နေ့ည (၈)နာရီကျော် အချိန်ကလည်း ၀ုိင်းမော်အနီးရှိ တံတားတခုအား ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု ဆက်လက် ပြောဆိုသည်။

“အဓိကကတော့ သူတို့ရဲ့ မဟာဗျူဟာ လမ်းဖြစ်တဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြစ်နေ တာရယ်။ လက်နက်ကြီးတွေနဲ့ သံချပ်ကာကားတွေ ဖြတ်လာလို့ မရအောင် လုပ်လိုက်တဲ့ သဘောပါ။”

ယခုလ (၉) ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် တပ်မဟာ(၃) ဒေသ၌ ယနေ့ပစ်ခတ်မှု တစုံတရာ မရှိသော် လည်း မြစ်ကြီးနားမှ ဗန်းမော်သို့သွားရာ လမ်းကြောင်းပေါ်ရှိ သဘတ်ချောင်း တံတားတွင် ယနေ့နံနက်က KIA နှင့် အစိုးရတပ်ဖွဲ့တို့ နှစ်ဖက်ရင်ဆိုိင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Most read this week