ယာယီ နိုင်ငံကူးလက်မှတ် ကိုင်၍ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုဖြင့် အဖမ်းခံရ

ယာယီ နိုင်ငံကူးလက်မှတ် ကိုင်၍ တရားမဝင် နယ်စပ် ဖြတ်ကျော်မှုဖြင့် အဖမ်းခံရ
by -
ဇော်ကြီး

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာရွှေ့့ပြောင်း အလုပ်သမားအချို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၄င်းတို့၏ ဗီဇာသက်တမ်းကို (၂) နှစ် ပယ်ချ ...

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာရွှေ့့ပြောင်း အလုပ်သမားအချို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၄င်းတို့၏ ဗီဇာသက်တမ်းကို (၂) နှစ် ပယ်ချလိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ ထိုင်းမြန်မာ နယ်စပ်  မြဝတီမြို့သို့ ခေတ္တပြန်သွားပြီး မဲဆောက်မြို့သို့ပြန်လာခဲ့ရာ သတ်မှတ်ထားသည့် လမ်းကြောင်းမှ ပြန်မဝင်သည့်အတွက် မဲဆောက်မြို့ရှိ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည် ဟု အဖမ်းခံခဲ့ရသူ ကိုဇော်က ယခုလိုပြောသည်။

“ကျနော်တို့ ဘန်ကောက်ကနေပြန်ဆင်းလာတယ်မို့လား။ သုံးရက်ပဲ ဘုန်းကြီးဝတ်ပြီး ပြန်တက် တယ်လေ။ ပြန်တက်တဲ့အခါကျတော့ ကူးလို့ရတဲ့နေရာကနေ ကူးလို့ရတယ်ထင်ပြီးတော့ ကျနော် တို့ကကူးလိုက်တာ။ အဲတာ တရားဝင်ကူးတဲ့နေရာမဟုတ်ဖူးတဲ့။ တရားဝင်ကူးတာ (၂)ဂိတ်တဲ့။ အဲတာ သူတို့ပြောပြမှ ကျနော်တို့လည်း သိတယ်။ အဲလိုပြောပြီး စစ်သားက ဖမ်းလိုက်တယ်။”   

ယင်းသို့ဖမ်းဆီးခံရပြီး မဲဆောက်တရားရုံးမှ ချုပ်ရက်နှစ်ရက်နှင့် ဒဏ်ငွေထိုင်းဘတ်(၅၀၀) ရိုက်၍ အပြစ်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့ရာ ဌာနတာဝန်ရှိသူများက ၎င်းတို့ ကိုင်ဆောင်သည့် ပတ်စပို့စ်ဗီဇာသက်တမ်း(၂)နှစ်ကို ပယ်ချလိုက်သည်ဟု ပြောသည်။

“တရားရုံးကတော့ လမ်းကူးမှားလို့ဆိုပြီးမှ ကျနော်တို့ကို ဒဏ်ငွေရိုက်လိုက်တာတခုပဲရှိတယ်။ တောမောမှာရောက်တော့ ဘာကြောင့်လည်းတော့မသိဘူး။ ပတ်စပို့စ်စာအုပ်မှာ ရှမ်း(ထိုင်း)လိုရေးလိုက်ပြီးတော့ ဗီဇာ(၂) နှစ်စာကို သတ်လိုက်တယ်လို့ သူတို့ပြောတယ်။ ဘာကြောင့်မို့ သတ်လိုက်လဲဆိုတော့ သူတို့ အပြစ်ပေးတယ်လို့ပဲပြောတယ်။ ပထမဆုံးအနေနဲ့ စံပြအနေနဲ့ ကျနော်တို့အဖွဲ့ကို သူတို့လုပ်လိုက်တာတဲ့။ အဲလို(၂)နှစ်စာ သတ်လိုက်တာကတော့ မဖြစ်သင့်တဲ့ ကိစ္စပေ့ါနော်။”

ယာယီပတ်စပို့စ်စတင်ပြုလုပ်စဉ်က သက်တမ်းလေးနှစ်ရရှိသည်ဟုသိရပြီး ကျန်ရှိသည့် (၂)နှစ်စာ ပတ်စပို့စ်ပြန်ရှင်ရန်အတွက် မြန်မာဖက်ခြမ်းတွင် ပြန်လည်ပြုလုပ်ရမည်ဟု ထိုင်းတာဝန် ရှိသူများ ကပြောသည်။ သို့သော် ထိုင်းနိုင်ငံကထိုသို့ ပယ်ချလိုက်သည့် ကိစ္စသည် ၎င်းတို့နှင့်မသက်ဆိုင် ကြောင်း မြန်မာတာဝန်ရှိသူများက ငြင်းဆန်သည့်အတွက် အခက်အခဲဖြစ်နေကြသည်ဟု ဆက် ပြောသည်။

“မြန်မာပြည်မှာ အခုမေးကြည့်တဲ့အခါကျတော့လည်း မြန်မာပြည်နဲ့ မဆိုင်ဘူးတဲ့။ မြန်မာပြည်က တရားဝင်စာအုပ်ကို ထုတ်တာလေးနှစ်စာလားမသိဘူး။ လေးနှစ်စာဆိုတော့က ဒီထိုင်းကသတ်တဲ့ အတွက်ကြောင့်မို့ ထိုင်းမှာပဲ ပြန်တောင်းပါလို့ သူတို့ကအဲလိုမျိုး ဟိုဖက်လွှဲချ၊ ဒီဖက်လွှဲချနဲ့ဆိုတော့ကျနော်တို့ ဘယ်လိုဆက်လုပ်ရမှန်းတောင် မသိတော့ဘူးဖြစ်နေတယ်။”

၎င်းနှင့်အတူ အဖမ်းခံရသူ (၇)ဦးမှာ နှစ်သစ်ကူးကာလ နေရပ်ပြန်လာသူများဖြစ်၍ နေထိုင်ခွင့်ဗီဇာ ကုန်ဆုံးသွားသည့်အတွက် ဘန်ကောက်သို့ပြန်တက်ရန် အခက်ကြံုနေကြသည်ဟု သိရသည်။

မြဝတီမဲဆောက် တံတားကြီးအောက်ဖက်၌ရှိသော ဘော်ယာဂိတ်မှ ကူးခဲ့သည့်အတွက် အဖမ်းခံရခြင်းဖြစ်ပြီး နောက်ပိုင်းတွင်လည်း ယင်းဂိတ်မှကူးလာ၍ အဖမ်းခံရသူများ ဆက်လက် ရှိနေသေးသည်ဟု မဲဆောက်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အခု ကျနော်တို့ထပ်ကြားတာ အဲလိုပတ်စပို့စ်တွေနဲ့ တရားမဝင်ဂိတ်ကနေ ကူးတယ်ဆိုပြီးတော့ တောမောရုံးထဲမှာ ဖမ်းထားတယ်။ အခုဟာ အယောက်သုံးလေးဆယ်လောက်ရှိနေပြီ။ အဲလိုပဲ ဖမ်းခံထိနေတာ။”  

ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ထိုင်းနိုင်ငံမှ မည်သည့်နိုင်ငံသို့ထွက်ခွာသည်ဖြစ်စေ ထွက်ခွာခွင့် တံဆိပ်တုံးနှင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် တံဆိပ်တုံုး ရိုက်နှိပ်ပြီးမှသာ ထွက်ခွာခွင့်ရှိကြောင်း ယင်းသို့မပြုလုပ်ပါက ရရှိထားသည့် ဗီဇာသက်တမ်းများသေဆုံးမည် ဖြစ်သည်ဟု မဲဆောက်ရှိ အလုပ်သမားရေးဆောင်ရွက်နေသည့် ရောင်ခြည်ဦး အဖွဲ့ဥက္ကဌ ဦးမိုးဆွေက ပြောသည်။

“တချို့ဗမာတွေက Re-entry ထုရမှာမသိတာလည်းပါတယ်။ မသိတော့ ဒီတိုင်းပဲ ဟိုဖက်ကို သွားလိုက်တယ်။ တချို့ကလည်း ထုသွားလိုက်တယ်။ အဲဒီမှာ မထုပဲနဲ့ သွားလိုက်လို့ ပြန်ဝင်လာတဲ့ အခါကျမှ သွားထုတယ်ဆိုရင် သူ့ဗီဇာက တရားမဝင် ပြန်ဝင်လာသလို ပြန်ဖြစ်သွားတယ်။ သူ့ဗီဇာ လည်း သေသွားပြီပေ့ါ။”  

ဗီဇာသက်တမ်း(၂)နှစ် သေဆုံးသွားသော်လည်း ကျန်ရှိနေသည့် (၂)နှစ်သက်တမ်းအတွက် ယာယီ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးသည့် ကုမ္ပဏီများမှတဆင့် အသစ်ပြန်လည်ပြုလုပ်လိုသော်လည်း ဘန်ကောက်သို့ပြန်တက်ရန် အခက်အခဲဖြစ်နေကြသည်ဟု အလုပ်သမားများက ပြောသည်။

Most read this week