ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာဂိတ်မှ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်

ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာဂိတ်မှ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်
by -
ဇော်ကြီး

ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့မှတဆင့် တရုတ် ကုန်ပစ္စည်းများ တင် သွင်းခွင့်ကို ယနေ့နံနက်က စတင်၍ စစ်အစိုးရက ပိတ်ပင်လိုက်ပြီး ဖမ်းဆီးမှုများ ရှိနေ ...

ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့မှတဆင့် တရုတ် ကုန်ပစ္စည်းများ တင် သွင်းခွင့်ကို ယနေ့နံနက်က စတင်၍ စစ်အစိုးရက ပိတ်ပင်လိုက်ပြီး ဖမ်းဆီးမှုများ ရှိနေသည်ဟု နယ်စပ်သတင်း များအရ သိရသည်။

ယင်းတရုတ်ကုန်များကို လိုင်ဇာမှတဆင့် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့ တင်ပို့နေခြင်းဖြစ်ကာ ယနေ့တင်သွင်း ခွင့် ပိတ်ပင်လိုက်သည့်အကြောင်းကို လိုင်ဇာကားဂိတ်မှ တာဝန်ကျ အမျိုးသမီး တဦးက ယခုလိုပြောသည်။

“ခရီးသည်တော့ သွားလို့ရတယ်။ ကုန်ကားတွေ သွားလို့မရဘူး။ ကုန်ကနည်းနည်းမှ မတင်ခိုင်း ဘူးတဲ့။ လိုင်ဇာကပစ္စည်း နည်းနည်းမှမတင်ခဲ့ပါနဲ့တဲ့။ မနေ့တုန်းကဆိုရင် ပစ္စည်းတင်တဲ့ကား ခြောက်စီး၊ ခုနှစ် စီးလောက်ဖမ်းလိုက်တယ်လို့ကြားတယ်။ ဗမာဂိတ်ပေ့ါ။ နေပြည်တော်ကနေ လာဖမ်းတယ်လို့ ကြားတာ ပဲ။”  

လိုင်ဇာမြို့ခံ ကုန်သည်တဦးကလည်း ယင်းကိစ္စမှန်ကန်ကြောင်းနှင့် စားသောက်ကုန်အပါအဝင် အထည်အလိပ် နှင့် စက်ပစ္စည်းများသာမက မည်သည့်ပစ္စည်းမျှတင်သွင်းခွင့်မရှိတော့ဟု ယခုလို ပြောသည်။

“တရုတ်ပစ္စည်းမှန်သမျှအကုန်လုံးပိတ်တယ်လို့ပြောတယ်။ဘာမှကိုမသယ်ခိုင်းတာတဲ့။တနိုင်စာလောက် တော့ ရမယ်ထင်ပါတယ်။ အဲလိုမျိုး ကားအစီးလိုက်ကြီးတွေသယ်တာတော့ မရတော့ဘူး။”  

နယ်စပ်လိုင်ဇာမြို့မှ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များသို့သွားရာလမ်း၌ လဂျားယန်နှင့် ရွှေညောင်ပင် ဌာနပေါင်း စုံဂိတ်ကြီး နှစ်ခုရှိပြီး ယင်းဂိတ်နှစ်ခုကြားတွင် ရံဖန်ရံခါ အရေးပေါ်ဂိတ်ငယ်လေးများဖွင့်၍ စစ်ဆေးမှုများပြုလုပ် လေ့ရှိသည်။

KIO အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့်အပြင် လက်ရှိ စစ်အစိုးရအား တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ရေး မဟာမိတ် ပြုလုပ်ခဲ့သည့်နောက်် မကြာခင်က မြို့ပေါ်ဆက်ဆံရေးရုံးများ ပြန်လည် ရုတ်သိမ်းခဲ့ရ သည်ဟု KIO ဌာနချုပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။

ယခုလိုပိတ်ပင်ခြင်းသည် စစ်အစိုးရက နိုင်ငံရေး၊ စစ်ရေးအပြင် စီးပွားရေး နည်းလမ်းအရ ဖိအားပေးခြင်း ဖြစ်နိုင် သလို တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအား ကန်ဗိုက်တီး ဖက်သို့ ပြောင်းလဲလို၍ ဖြစ်နိုင်သည် ဟု ထိုအရာရှိက ယခုလို သုံးသပ်ပြောဆိုသည်။

“ဒီတော့ လိုင်ဇာလမ်းကို သူတို့ကပြန်ပိတ်ချင်တာပေ့ါ။ တခုရှိတာက ဒီလိုင်ဇာလမ်းက ကုန်တွေ အဝင် အထွက်များနေလို့ရှိရင် ကျနော်တို့လည်း အခွန်တွေဘာတွေကောက်ဆိုတော့ စီးပွားရေး အခြေအနေ တွေ ဘဏ္ဍာရေး အခြေအနေတွေ အဆင်ပြေနေတဲ့အပေါ်မှာသူတို့က အဲတာကိုလည်း နည်းနည်း ကြပ် ချင်တဲ့သဘောရှိတယ်။”  

ကန်ဗိုက်တီးဒေသသည် လက်ရှိ KIO ထိန်းချုပ်ရာဒေသ၏ မြောက်ဖက်တွင်ရှိပြီး နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ကိုလက်ခံထားသည့် ကချင်အပစ်ရပ်တပ်ဖွဲ့တခု ထိန်းချုပ်နယ်မြေဖြစ်၍ ယင်း လမ်းကြောင်းကို လွန်ခဲ့သည့် (၂)နှစ် ခန့်ကစတင်ဖွင့်လှစ်ခဲ့သည်။

သို့သော် ယင်းလမ်းသည်တောင်တက်လမ်းဖြစ်သည့်အပြင် လမ်းကြမ်းသည့်အတွက် ကုန်သည် များ သွားလာမှု နည်းပါးပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်က ယင်းလမ်းကြောင်းအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်း ရသည်။

တရုတ်မြန်မာနယ်စပ် လွယ်ကျယ်မှဗန်းမော်၊ လိုင်ဇာမှ မြစ်ကြီးနားနှင့် ဗန်းမော်အပြင် ကန်ဗိုက်တီးမှ မြစ်ကြီး နားမြို့များသို့ ကုန်သွယ်ရေးလမ်းကြောင်းသုံးခုရှိသည်။

Most read this week