တာချီလိတ်မြို့ တည်းခိုခန်းတခုတွင် လူသတ်မှုဖြစ်ပွား

တာချီလိတ်မြို့ တည်းခိုခန်းတခုတွင် လူသတ်မှုဖြစ်ပွား
by -
ခွန်အောင်မြတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့လည်ရှိ နာမည်ကြီး တည်းခိုခန်းတခုတွင် ယမန်နေ့ မနက် က လူသတ်မှုဖြစ်ပွားရာ တဦးသေဆုံး....

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့လည်ရှိ နာမည်ကြီး တည်းခိုခန်းတခုတွင် ယမန်နေ့ မနက် က လူသတ်မှုဖြစ်ပွားရာ တဦးသေဆုံး သွားသည်။

တာချီလိတ်မြို့လည်ရှိ မြရွှေရည်တည်းခိုခန်းတွင် တည်းခိုသည့် အိုက်လှ အား အမည်မသိ လူနှစ်ဦးက သေနတ် ဖြင့် သုံးချက်ပစ်ရာ ပွဲချင်းပြီး သေဆုံးသွားသည်ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။

“မနေ့က မနက်ဆယ်နာရီခွဲလောက်မှာ တာချီလိတ်မြို့က မြရွှေရည်ဟိုတယ်မှာ တည်းတဲ့ အိုက်လှ အ သက်(၄၁)နှစ် အဖေနာမည် ဦးစောရ သူက ဟိုတယ်ကနေအထွက် လူတယောက်ကနေပြီးတော့မှ သေနတ်နဲ့ သုံးချက်ပစ်သွားတယ်။ တချက်ကတော့ ခေါင်းကိုမှန်တယ်။ တချက်က လည်ပင်းမှန်တယ်။ နောက်တချက်က ဗိုက်မှန်တယ်။”

အခင်းဖြစ်ပွားပြီးခြင်း ဒေသခံအာဏာပိုင်များက တည်းခိုခန်းလုံခြံုရေးကို ရဲစခန်းသို့ ခေါ်ယူစစ်ဆေးသည်ဟု ရဲ စခန်း နှင့် နီးစပ်သူတဦးက ပြောသည်။

“အခုရဲဌာနတွေ ရဲတာဝန်ရှိသူတွေကတော့ အဲဒီဟိုတည်မှာ လုံခြံုရေးကျတဲ့သူတွေကိုတော့ တာဝန် အရ ခေါ်သွားတယ်။ နောက်ပြီးတော့ လုံခြံုရေးဗွီဒီယို ကင်မရာတွေ အကုန်လုံး၊ ရိုက်ထားတဲ့ဟာတွေ အကုန်လုံး ယူသွားတာပေါ့နော်။”

လုပ်ကြံခံရသူ အိုက်လှသည် တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု ၀မ်လိကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မည် သူ့လက်ချက်ဖြစ်သည်ကို မသိရသော်လည်း မူးယစ်ဆေးဝါးနှင့် ပက်သက်မှု ရှိနိုင်သည်ဟု ဒေသခံများက သုံး သပ်ပြောဆိုနေကြသည်။

သေဆုံးသူတည်းခိုသည့် အခန်းဘေးတွင် စိတ်ကြွဆေးပြား အလုံးသုံးဆယ်ကျော် ဖမ်းဆီး ရမိသည်ဟု ရဲစခန်း နှင့် နီးစပ်သူက ပြောသည်။

“ဘာပဲပြောပြော ဒီဥစ္စာကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ရှော့လိုက်တာလို့ ယူဆကြတယ်။ သူ့ ရဲ့နောက်ကြောင်းကတော့ အဲလိုမျိုး သိုးသိုးသဲ့သဲ့ကြားတယ်။ အာဏာပိုင်တွေကလည်း သူ့ကို လိုက် နေတာကြာပြီလို့ပြောတယ်။ သူတို့က နှုတ်ပိတ်လိုက်တာလား မသိဘူးပေါ့နော်။ ဆက်စပ်နေတာ ကတော့ လူတိုင်းသိပါတယ်။”

လူသတ်မှုဖြစ်ပွားပြီးနောက်ပိုင်း ယခု တာချီလိတ်မြို့တွင် ဒေသခံအာဏာပိုင်များက လုံခြံုရေးတင်းကြပ်ထားပြီး ဧည့်စာရင်းနှင့် ၀င်လူဝင်ထွက်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်လည်း မူးယစ်ဆေးဝါးနှင့် ဆက်စပ်မှုရှိသူဟု ယူဆရသူ သားအဖနှစ်ဦးအား အမည််မသိ သေနတ်သမားတဦးက အိမ်တွင် လာရောက် လုပ်ကြံပစ်ခတ်သွားသည်။

Most read this week