ပလောင်ဒေသတွင် ဘိန်းစိုက်နှုန်း၅ဆကျော် တိုးမြှင့်

ပလောင်ဒေသတွင် ဘိန်းစိုက်နှုန်း၅ဆကျော် တိုးမြှင့်
by -
ခွန်အောင်မြတ်
မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ဒေသတွင်းရှိ မန်တုန်နှင့်နမ်းခမ်းမြို့နယ်များတွင် သုံးနှစ်အတွင်း ဘိန်းစိုက် ပျိုးမှု ငါးဆကျော် တိုးတက်လာပြီး မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာသည်ဟု ပလောင်အမျိုးသမီး အစည်းအရုံးက...

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ဒေသတွင်းရှိ မန်တုန်နှင့်နမ်းခမ်းမြို့နယ်များတွင် သုံးနှစ်အတွင်း ဘိန်းစိုက် ပျိုးမှု ငါးဆကျော် တိုးတက်လာပြီး မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာသည်ဟု ပလောင်အမျိုးသမီး အစည်းအရုံးက ပြောသည်။

ပလောင်ဒေသတွင်း ဘိန်းစိုက်ပျိုးမှု များပြားလာသည့်အကြောင်း မူးယစ်ဆေးဝါး သုံးစွဲမှု မြှင်မားလာသည့် အ ကြောင်းကို ပြည်ပအခြေအစိုက် ပလောင်အမျိုးသမီးအစည်းအရုံးက ရေးသားထားသည့် အဆိပ်သင့်တောင်တန်း များ အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်လိုက်ခြင်း ဖြစ်သည်။
မန်တုံနှင့် နမ့်ခမ်းမြို့နယ်ဒေသရှိ ဘိန်းစိုက်ပျိုးနှုန်းသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ငါးဆခန့် တိုးတက် လာသည်ဟု ယင်းအစီရင်ခံစာကို ဦးဆောင် သုတေသနပြုစုသူ လိုည်းနွေနှောင်းက ပြောသည်။
“၂၀၀၆-၂၀၀၇ မှာဆိုရင်တော့ ကျမတို့ရဲ့ တွေ့ဆုံမေးမြန်းချက်အရဆိုရင် ၉၆၃ ဟက်တာ ကျမတို့ တွေ့ရှိရတယ်။ဒါပေမယ့် ၂၀၀၇ - ၂၀၀၈ မှာဆိုရင်တော့နည်းနည်း တက်သွားတယ်။ ၁၄၅၈ ဟက်တာ ကျမတို့တွေ့ရှိရတာပေါ့နော်။ ပြီးတော့ ဒီ ၂၀၀၈- ၂၀၀၉ ဆိုရင်တော့ ဘိန်းစိုက်ပျိုးတဲ့နေရာရော၊ ဒီ ဒေသတွေရော ဘိန်း စိုက်ပျိုးနှုန်းက ဘယ်လောက်ရှိ သွားလဲဆိုတော့ ၄၅၄၅ အထိ များပြားလာတာကို ကျမတို့ တွေ့ရှိရတယ်။ ကျေးရွာတွေလည်း အရင်တုန်းက မစိုက်ဖူးတဲ့နေရာတွေဆို အခုစိုက်လာတာ ကျမတို့တွေ့ရှိရတယ်။”

အဆိပ်သင့်တောင်တန်းများ အစီရင်ခံစာကို ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ၄င်းက ယခုလို ဆက်လက်ပြောသည်။

“ဘာကြောင့် ပလောင်ဒေသမှာ ဘိန်းစိုက်ရတာလဲဆိုတဲ့ဟာကို ကျမတို့ မြန်မာပြည်သူ လူထုရော နိုင် ငံတကာမှာရောက်တဲ့ မြန်မာပြည်သူလူထုတွေရယ် ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ပြည်သူလူထုကို ကျမ တို့က အသိပေးချင်တယ်။ နောက် တချက်ကတော့ ဘိန်းထုတ်လုပ်ခြင်းအားဖြင့် သူ့ရဲ့အကျိုးသက် ရောက်မှုက ဘာတွေရှိလဲ ဆိုတာကို ကျမတို့ ပြည်သူပြည်သားတွေကို အသိပေးချင်တယ်။

နောက်ဆုံး တချက်ကျတော့ ကျမတို့ရဲ့ အခြေအနေတွေကို မီးမောင်းထိုးပြခြင်းအားဖြင့် ကျမတို့နိုင်ငံမှာရှိတဲ့ ဒီ မူးယစ်ဆေးဝါး ပပျောက်ရေးပြီးတော့ အခြား အဖွဲ့တွေကိုပါ ဒီဘိန်းထုတ်လုပ်မှုဟာ တကယ်ပဲ တိုးတက် များပြား ရှိနေတာကို အသိပေးချင်တာပေါ့နော်။ ဒီရည်ရွယ်ချက်ငါးချက်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါ တယ်။”

ဘိန်းစိုက်ပျိုးမှုနှုန်းများပြားလာသည့်နှင့်အမျှ မူးယစ်ဆေးဝါး သုံးစွဲသူ ယခင်က ရ၅ ရာခိုင် နှုန်း ရှိရာ ယခု ၈၅ ရာ ခိုင်နှုန်း မြှင့်တက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသက် ၁၅ နှစ်အထက် လူငယ်နှင့် အမျိုးသားများ အများ အပြားသုံးစွဲသည့်အပြင် အမျိုးသမီးများပါ သုံးစွဲလာကြသည်ဟု လိုည်းနွေနှောင်းက ပြောသည်။

“မန်တုန်မြို့နယ်မှာရှိတဲ့ ကျေးရွာတရွာမှာဆိုရင်တော့ ခပ်များများအမျိုးသမီးတွေက သုံးစွဲတာကို ကျမ တို့တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမျိုးသားတွေက သုံးတော့ သူတို့လည်းသီးမခံနိုင်ဘူး ။ ဒီလိုမျိုး ခံစားမှုတွေ ရှိလာတယ်ဆိုရင်တော့ ဘယ်လိုပြောမလဲ သူတို့လည်း ခံစားရတာကိုး ရိုက်နှက် တာတို့ ဘာတို့ ပိုက်ဆံ မရှိရင်။ ဟား အတူတူပဲ ဘဝအတူတူပဲဆိုရင်တော့ ဘဝအတူတူပဲ ဖြတ်သန်း ရအောင် ဆိုပြီးတော့ သူတို့ ဘိန်းသုံးစွဲလာတဲ့ဟာတွေလည်း ကျမတို့ တွေ့ရှိရတယ်။
နမ့်ခမ်းမြို့နယ် လည်း ဒီလိုပဲ။ အစတုန်းကဆိုရင် သူက မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အဖွဲ့ပေါ့။ သူလိုက်လိုက်ရင်းနဲ့ ဘိန်းဖြတ်တာကိုး ဘိန်းဖြတ်တော့ ဘိန်းတွေရရှိတော့ သူတို့တွေကိုယ်တိုင်လည်း သုံးစွဲလာ တာကို လည်း ကျမတို့ တွေ့ရှိရတယ်။ ဒါတွေကိုလည်း မေးမြန်းခဲ့တယ်။”

ယင်းဒေသသည် မြန််မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း မူးယစ်နှိမ်နင်း ရေးအဖွဲ့များက ဘိန်း ခင်းများကို ဖျက်ဆီးရမည့်အစား ဘိန်းတောင်သူများထံ အခကြေးငွေ ယူကာ အပေါ်ယံများသာ ဖျက်ဆီးပေး သည်။ စစ်အစိုးရ ကျောထောက်နောက်ခံအဖွဲ့များ ကလည်း အခွန်ငွေ ကောက်ယူကြသည်ဟု ယင်းအစီရင်ခံစာ တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကသာ ပြည်တွင်းစစ် ပြေနိုင်မည်ဖြစ်ပြီး၊ မူးယစ်ဆေးဝါး ပြဿနာ ကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန် လိုအပ်နေသည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week