SNLD တင်ပြချက်အပေါ် စစ်အစိုးရ တုန့်ပြန်မှုမရှိ

SNLD တင်ပြချက်အပေါ် စစ်အစိုးရ တုန့်ပြန်မှုမရှိ
by -
ဇော်ကြီး
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ဥက္ကဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး ဦး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံခွင့်ပြုရန်  မြန်မာ စစ်အစိုးရထံ စာရေးပေးပို့ တင်ပြထားသော်လည်း တစုံတရာ တုန့် ပြန်မှုမရှိဟု SNLD...

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ဥက္ကဌ ဦးခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေးမှူး ဦး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံခွင့်ပြုရန်  မြန်မာ စစ်အစိုးရထံ စာရေးပေးပို့ တင်ပြထားသော်လည်း တစုံတရာ တုန့် ပြန်မှုမရှိဟု SNLD ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

“အဲ့ဒီစာကို ဒီဇင်ဘာ ၂၁ ရက်နေ့ကတင်လိုက်တာပေ့ါနော်။ ဒီနေ့အထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားမှုမရှိသေးပါဘူး။” ဟု SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောသည်။ 

ယင်းစာတွင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် တိုင်းရင်းသားသွေး စည်းညီညွတ်ရေးအတွက် အရေးကြီးသည့် အခင်းအကျင်းတစ်ရပ်ဖြစ်၍ SNLD အနေဖြင့် တဖက်တလမ်းမှ ပါ၀င်ဆောင်ရွက်နိုင်ရန် တွေ့ဆုံခွင့်တောင်းခံခြင်း ဖြစ်သည်ဟု  ဖော်ပြပါရှိသည်။  
အကြောင်း ပြန်ကြားမှုမရှိသည့်အပေါ် ဦးစိုင်းလိတ်က ယခုလို ပြောသည်။

“ကျနော်တို့ထပ်မံပြီးတော့မှ စာတွေထပ်ရေးပြီးတင်ပြတောင်းဆိုမယ်။ပါတီဗဟိုကော်မတီအနေနဲ့ ဆက် လက်ပြီးအစည်းအဝေးထိုင်ပြီး ဆက်လက်လုပ်သင့်သည့် အနေအထား၊ ကျန်ရှိတဲ့ အခွင့်အရေးမှန်သမျှ ကို အသုံးချပြီး ဆက်လက်ပြီးတောင်းဆိုသွားမှာပါ။”

ထို့အပြင် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်ရန်အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးကိုလွတ်ပေးပြီး အားလုံးပါ၀င် နိုင်သည့်တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို အမြန်ဆုံးကျင်းပရန်လို အပ်သည်ဟု ခံယူကြောင်း ၎င်းကဆက် ပြောသည်။ “အဲလို တွေ့ဆုံ ဆွေးနွေးရေး၊ အကျဉ်းသား အားလုံးကိုပြန်လွတ်ပေးရေး ဒါတွေမရှိပဲနဲ့တော့ ၂၀၁၀ ရွေး ကောက်ပွဲအပေါ်မှာ ကျနော်တို့ဘာမှ ၀င်ပြီးတော့မှ အကျုံးဝင်အောင် ဆောင်ရွက်နိုင်ခြင်းရှိလိမ့်မယ် မဟုတ်ဘူးလို့ ဒီတိုင်းပဲ ခံယူထားပါတယ်။”

အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံခွင့်တောင်း ခဲ့စဉ်က စစ်အစိုးရတာဝန်ရှိသူများက ခွင့်ပြုခဲ့သော်လည်း SNLD ၏တောင်းဆိုမှုအား ခွင့်မပြုသည့်အပေါ်၎င်းက ယခုလို မှတ်ချက်ပေးပြောဆိုသည်။ 

“တဖက်မှာ ကျနော်တို့ အတွင်းရေးမှူး အဖွဲ့ဆိုတာကလည်း တရားဝင်ရပ်တည်လျှက်ရှိတဲ့ နိုင်ငံရေး ပါ တီတစ်ခုရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲ့ဒီ နှစ်ဦး နှစ်ဖက် သော ပုဂ္ဂိုလ်တွေက တိုင်းပြည်ကောင်းရာ ကောင်းကြောင်းအတွက် ရည်ရွယ်ပြီးတော့မှ ကိုယ့်ရဲ့ ပါတီဥက္ကဌနဲ့ အတွင်းရေးမှူးကို တွေ့ဆုံခွင့် တောင်းတယ်ဆိုတာ ဘယ်သူ့ကိုမှ နစ်နာစေတဲ့ ကိစ္စမဟုတ်ဖူး။

ဒါကြောင့်မို့လို့ တိုင်းပြည်ရှင်သန်ရေး တိုင်းရင်းသားသွေးစည်းညီညွတ်ရေး အတွက် ပါ၀င်ဆောင်ရွက်ကြတဲ့ နေရာမှာ အားလုံးကို တပြေးညီ ဆက်ဆံဖို့။ သဘောထား မတိုက်ဆိုင်သူအားလုံးကို ကြီးငယ်မရွေး အနီးအဝေးမရွေးပေ့ါနော် အားလုံး ကို မျှမျှတတ ဆက်ဆံဖို့ ဒါတွေကို ကျနော်တို့က အထူးအလေးအနက် ပြောကြား လိုပါတယ်။”

ပူတာအိုအကျဉ်းထောင်ရှိ ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ရောင်ရောဂါခံစားနေရသည့်အပြင်  ဆိုးဝါးသည့် ရာသီ ဥတုဒဏ်ကို ခံစားနေရပြီး ထိရောက်သည့်ဆေးကုသမှု မခံရသည့် အပေါ် စိုးရိမ်မကင်းဖြစ်မိသည်ဟု ပြောသည်။ 

အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်မှာ သွေးတိုးနှင့်လိပ်ခေါင်းရောဂါ ခံစားနေရသလို ထောင်ဒဏ် ၁၀၆ နှစ် အပစ်ပေးခံထားရသော အခြားရှမ်းခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်ချုပ်ဆေထင်မှာ မျက်စိရောဂါ ခံစားနေ ရသည်။ 

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ၌ ရှမ်းပြည်အတွင်း မဲဆန္ဒနယ် ၂၃ နေရာနှင့် တနိုင်ငံလုံးတွင် ဒုတိယမဲအများဆုံးဖြင့် အနိုင်ရထားသည့် ပါတီဖြစ်သည်။ 

SNLD ဥက္ကဌ ခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုးဦးအား ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ခေတ္တခန ဆွေးနွေးရန် ခေါ်ဆောင် သွားသည့်အချိန်မှစ၍ ယနေ့ အချိန်ထိ ရပ်ဝေးထောင်များ၌ အကျဉ်းကျခံနေရသည်။

Most read this week