တာတမံများ ပြင်ဆင်ရေး ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်မည်

တာတမံများ ပြင်ဆင်ရေး ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုတင်မည်
by -
နိရဥ္စရာ

ဒီရေကြောင့် ပျက်စီးသွားသော တာတမံများ ပြင်ဆင်ရေးအဆိုကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည့် ရခိုင်ပြည်နယ် ပထမအကြိမ် လွှတ်တော်၊  ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းသွားမည် ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

“အဓိက ကျွန်တော်တင်ပြမယ့် အကြောင်းအရာကတော့ ၂၀၁၄ခုနှစ် ထူးကဲဒီရေတက်တာကြောင့် ပျက်စီးသွားတဲ့ တာတမံတွေကို ပြန်လည် ဆည်ဖို့ရေး ကိစ္စကို တင်ပြသွားပါမယ်။ ဒါက အခု လယ်သမားတွေအတွက် အထူးအရေးကြီးနေတဲ့ Issue တစ်ခု ဖြစ်နေပါတယ်” ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

arakan-parliament

ယင်းပြင် ဆားငန်ရေ ၀င်ရောက်ရာမှ စပါးစိုက် လယ်ဧက မြောက်များစွာ ပျက်စီးသွားသဖြင့် လယ်သမားများ အခက်ကြုံနေရချိန်တွင် စိုက်ဘဏ်မှ ချေးယူထားသော ငွေများကို ပြန်ဆပ်ရန် တောင်းဆိုနေသဖြင့် ရခိုင် လယ်သမားများမှာ တစ်ပူပေါ် နှစ်ပူဆင့်နေသည့် ကိစ္စနှင့် ပတ်သက်၍လည်း ထို လွှတ်တော်အစည်းအဝေးတင် ထပ်မံ တင်ပြသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီအတွက် စိုက်ဘဏ်ကနေ လယ်သမားတွေကို ထုတ်ချေးထားတဲ့ ငွေတွေကိစ္စကိုလည်း လျော်မလား၊ မဟုတ်ရင် နောက်နှစ်ထိ အချိန်ပေးနိုင်မလား ဆိုတာကိုလည်း ကျွန်တော်က လွှတ်တော်မှာ တင်ပြသွားဖို့ စီစဉ်ထားပါတယ်။ အခု လယ်သမားတွေက ချေးငွေကိစ္စနဲ့ အထူးပူနေကြရပါတယ်” ဟု ဦးအောင်ဝင်း ကဆိုသည်။

လွှတ်တော်သို့ တက်ရောက်ရန် ရခိုင်ပြည်နယ် ၁၇မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များ စစ်တွေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ပေါက်တောမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင် ကလည်း “ ကျွန်တော် ဒီတစ်ခေါက် မေးခွန်းမေးမှာက ရခိုင်ရေလုပ်သားတွေကိစ္စ၊ ကျောင်းဆောင်တွေ တိုးချဲ့ရေး ကိစ္စ၊ အနောက်ဖရုံကာကျွန်းမှာ တည်ရှိတဲ့ ဆံတော်ရှင် စေတီအနီးမှာ ရွာတည်ရေးကိစ္စတွေ ကို မေးခွန်းမေးပြီး ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဆိုသည်။

ယခု တစ်ခေါက် လွှတ်တော်ကို  မတ်လကုန်ထိ ကျင်းပမည် ဖြစ်ပြီးအကြောင်းအရာများ စုံလင်မည် ဖြစ်ကြောင်း သိရသည်။

Most read this week