စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် ရခိုင်ပြည်နယ် နံပတ် ၁၁ နေရာချိတ်

စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော် ရခိုင်ပြည်နယ် နံပတ် ၁၁ နေရာချိတ်
by -
နိရဥ္စရာ

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၈ရက်နေ့ထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ရခိုင်ပြည်နယ်သည် ရွှေတံဆိပ် ၁၃ခု၊ ငွေတံတံဆိပ် ၂၃ ခုနှင့် ကြေးတံဆိပ် ၃၃ ခု၊ ရမှတ် ၆၉ မှတ်ဖြင့် အဆင့် ၁၁နေရာတွင် ချိတ်ခဲ့သည်။

နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်စားပြု အသင်း (၁၅)သင်း ၀င်ရောက်ယှဉ်ပြိုင် ရာတွင် ရခိုင်ပြည်နယ်အောက်တွင် ကချင်၊ စစ်ကိုင်း၊ တနင်္သာရီနှင့် ချင်းပြည်နယ်တို့သာ ရှိသည်။

narinjara020301

ပထမ တံခွန်စိုက်ဆုကို ရန်ကုန်တိုင်းဒေသကြီးက ရရှိသွားခဲ့ပြီး ရွှေ ၈၉ ခု၊ ငွေ ၆၂ ခု၊ ကြေး ၅၁ ခု၊ စုစုပေါင်း ရမှတ် ၂၀၂ မှတ်ဖြင့် ဗိုလ်စွဲသွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယနှင့် တတိယဆုကို မန္တလေးတိုင်းနှင့် ပဲခူတိုင်းတို့ ရရှိကြပြီး စတုတ္ထကို မကွေးတိုင်းက ရရှိသွားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလားအလာကောင်းသော အားကစားသမားများ ရှိနေသော်လည်း စစ်တွေမြို့ အပါအဝင် သံတွဲ၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် မောင်တောမြို့တို့တွင် တည်ရှိသော ခရိုင်အဆင့် အားကစားကွင်းများမှာ သုံးစားမရအောင် နိမ့်ကျနေသဖြင့်  လေ့ကျင့်ရန် ကစားကွင်းများ ရှားပါးနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တည်ရှိသော ပြည်နယ်ဂုဏ်ဆောင် ဝေသာလီအားကစားကွင်းနှင့် ဓညဝတီ အားကစားကွင်းတို့မှာလည်း ဗမာပြည်မဘက်မှ မြို့နယ်အဆင့် အားကစားကွင်းအဆင့်ကိုတောင် လိုက်မမီလောက်အောင်အထိ နိမ့်ကျနေကြောင်း ဒေသခံများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ အားကစားကွင်းများ အရည်အသွေး မပြည့်မီဘဲ နိမ့်ကျနေရခြင်းမှာ ဗဟိုအစိုးရထံမှ ဘတ်ဂျတ်ဖြင့် မဟုတ်ဘဲ ပြည်နယ် ဘတ်ဂျက်ဖြင့် ပြုပြင်နေရ၍ ဖြစ်ကြောင်း နိရဥ္စရာက လွန်ခဲ့သောလ က မေးမြန်းသော အင်တာဗျူး တစ်ခုကို ဖြေကြားစဉ် ရခိုင်ပြည်နယ် အားကစားမှူးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အများဆုံး ရှာပေးနေသော ပြည်နယ်တစ်ခုဖြစ်ပြီး ရခိုင်မှ သဘာဝဓါတ်ငွေ့တင်ပို့မှုဖြင့် နိုင်ငံတော် အစိုးရသည် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ၁ ဒသမ ၁၈ ဘီလီယံထိ ရရှိနေကြောင်း သိရှိရသည်။

Most read this week