၀ိှုက်ကတ်ဖျက်သိမ်းသော်လည်း ဆန္ဒပြမည့်ကိစ္စ စစ်တွေတွင် နောက်ဆုတ်မည်မဟုတ်ဟုဆို

၀ိှုက်ကတ်ဖျက်သိမ်းသော်လည်း ဆန္ဒပြမည့်ကိစ္စ စစ်တွေတွင် နောက်ဆုတ်မည်မဟုတ်ဟုဆို
by -
နိရဥ္စရာ

ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)ဖျက်သိမ်းရန် သမ္မတရုံးက ဖေဖေါ်ဝါရီလ ၁၁ရက်နေ့က ကြေညာချက် ထုတ်လိုက်သော်လည်း ရခိုင်တို့ဆန္ဒပြမည့်ကိစ္စကို နောက်ဆုတ်စရာမလိုဟု ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဖေဖော်ရီလ ၁၂ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ကဲတော်မင်းကျောင်း တိုက်တွင် ၀ိှုက်ကတ်အရေးနှင့် ပတ်သက်ပြီးပြုလုပ်သော အစည်းအဝေး၌ ပြောသည်။

“ကျွန်မတို့ ပထမချခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ မနေ့ည(၁၁ရက်)က ထုတ်ပြန်တဲ့အမိန့်ကြော်ငြာစာဟာ ကျွန်မတို့ ရခိုင်တွေအတွက် တစ်ခုမှ တွန့်စရာ၊ နောက်ဆုတ်စရာမဟုတ်ဘဲ ရှေ့ကို ဆထက်တပိုး တိုးလို့လုပ်ရမယ့် အကြောင်းပဲ ဖြစ်တယ်” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

Aye Nu Sein ANP

ပြည်သူတို့အကြား ထင်ယောင်ထင်မှားဖြစ်စေသည့် သမ္မတရုံး၏ကြော်ငြာချက်မှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများကို မဲပေးခွင့် ရုပ်သိမ်းသည့်အမိန့် မဟုတ်ဘဲ သက်တမ်းကုန်ဆုံးသော လက်မှတ်များကို ပြန် လည် အပ်နှံရန် ကြော်ငြာလိုက်သည့် အမိန့်သာ ဖြစ်ကြောင်း သူမက ဆက်လက်ရှင်းပြသည်။

ရခိုင်အမျိုးသမီးကွန်ရက်(စစ်တွေ) ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း  အစိုးရက ယင်းသို့ ကြေငြာစာ ထုတ်ပြန်လိုက်သော်လည်း ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြမည့်အစီအစဉ်ကို အားလုံးသဘောတူ ဆုံးဖြတ်ထားသည့်အတိုင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေအပါအဝင် ရခိုင်တစ်ပြည်လုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်မတို့ရဲ့နောက်ဆုံး target(ပစ်မှတ်)က ပြည်ထောင်စုအစိုးရက ဝှိုက်ကတ်ကိုင်သူတွေ မဲပေးခွင့်မရှိဆိုတာကို ထုတ်ပြန်ချက် ပေးရမယ်” ဟု ယင်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဆန္ဒပြပြီးလျှင်လည်း ရခိုင်တိုင်းရင်းသားတို့လိုလားသည့် ထုတ်ပြန်ချက်ကို ရရှိသည်အထိ ဝှိုက်ကတ်ပယ်ဖျက်ရေးကော်မတီနှင့် ဥပဒေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ စုပေါင်းဆွေးနွေး၍ Action Plan များရေးဆွဲကာ ဆက်လက်တိုက်ပွဲဝင်ဦးမည်ဖြစ်ကြောင်း လည်း ဒေါ်ညိုအေးက ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာ တွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအချို့သို့ လိုအပ်ချက်အရ ကိုင်ဆောင်ရန် ထုတ်ပေးခဲ့သည့်  ယာယီ သက်သေခံလက်မှတ်များ၏ သက်တမ်းကုန်ဆုံးသည့် နေ့ရက်အား ၂ဝ၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကို သတ်မှတ်ကြောင်း ဖော်ပြထားသည်။

သက်တမ်းကုန်ဆုံးသည့် လက်မှတ်များကို ၂ဝ၁၅ ခုနှစ်၊  မေလ ၃၁ရက်နေ့ နောက်ဆုံးထားအပ်နှံရန်လည်း သမ္မတရုံး၏ ကြော်ငြာစာတွင် ဆက်လက်ဖော်ပြထားသည်။

ယခုကဲ့သို့ သမ္မတရုံးကထုတ်ပြန်လိုက်သည့်ကြော်ငြာစာအပေါ် စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက သုံးသပ်ပြော ဆိုရာတွင် “နံပါတ် ၁ အချက်က တိုင်းရင်းသားများ၏ စိုးရိမ်ကြောင့်ကြ ခံစားချက်များကို နားလည်ပြီးတော့ ဝှိုက်ကတ်တွေကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး ဖယ်ရှားပေးလိုက်တဲ့အတွက် အသိအမှတ်ပြုပါတယ်။ ဒုတိယတစ်ချက်ကတော့ နောင်သမိုင်းစဉ် တလျှောက်လုံးမှာ အခုလို နိုင်ငံသားဟု မသေချာသော အဖြူကတ်ကိုင်ဆောင်သူများ မဲပေးခွင့် မရရေးအတွက် အခြေခံဥပဒေခုံရုံး၏ မှန်ကန်သော၊ နိုင်ငံတော် အကျိုးစီးပွားနှင့် ချင့်ချိန်သော၊ အမျိုးသားလုံခြံုရေးကို ရှေးရှူသောဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်ပါစေလို့ ဆုတောင်းပါတယ်”ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများအား ဆန္ဒမဲပေး ခွင့်ပြုလိုက်သည့်အပေါ် မကျေနပ်မှုများ နိုင်ငံတဝန်းတွင် ပေါ်ပေါက်ခဲ့သည်။ ရန်ကုန်မြို့တွင်လည်း ကန့်ကွက်ဆန္ဒပြမှုများ ဖေဖေါ်ဝါရီ ၁၁ရက်နေ့က စတင်ပေါ်ပေါက်ခဲ့သည်။

Most read this week