ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်၏ ကျောက် တူးနေမှုကို ပြည်နယ်၊ ရှေးဟောင်းသုတေသနဌာနက တားမြစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိသော ရှေးဟောင်းဂူ ၃ လုံးအနီး ကျောက် သားတောင်နံံရံများကို ခမရ (၅၃၉)တပ်က ကျောက်များထုတ်လုပ် တူးဖော်နေမှုမှာ ရှေးဟောင်း အမွေအနှစ်လက်ရာများပျက်စီးသွားနိုင်သည်ဟုဆိုကာ ယင်းကိုတားမြစ်ပေးရန် ဒေသခံများနှင့် ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစုတို့က သက်ဆိုင်ရာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ပြခဲ့သည်။
ဒေသခံများ၏တင်ပြတောင်းဆိုချက်အရ ရှေးဟောင်းသုတေသနဌာနက ထိုနေရာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ယခုကဲ့သို့ စာထုတ်၍ တားမြစ်လိုက်ရခြင်းဖြစ် ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက နိရဥ္စရာသို့ပြောသည်။
“ဒီဂူတွေဟာ သမိုင်းကြောင်းနဲ့ဆက်စပ်နိုင်တယ်ဆိုပြီးတော့ ဒီက ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး အဖွဲ့ကလည်းပြောတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်းပြောတယ်။ နောက်တစ်ခုက ဒီဟာကလည်း ရှေးဟောင်းဂူဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အနေနဲ့ အဲဒီတပ် ရင်းမှူးဆီကိုစာထုတ်ပြီးတော့ ဒီဟာကိုတော့ ရပ်ဆိုင်းထားပါဆိုပြီးတော့ တားမြစ်လိုက်တာ။ တားမြစ်ထားတဲ့ကြား က ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်”ဟု ယင်းက ဆိုသည်။
လက်ရှိတွင် တောင်နံရံအား စက်ယန္တရာများဖြင့် တူးဖြိုနေသည့်အတွက် ဂူပေါက်များ၏မျက်နှာပြင် မှ ကျောက်သားအလွှာများကွာကျကာ ပျက်စီးစပြုနေပြီဟုလည်း ကျောက်ထုတ်သည့်နေရာသို့ ကိုယ်တိုင်သွား ရောက်လေ့လာခဲ့သူ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းကဆိုသည်။
ခမရ(၅၃၉)သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆိုပါတောင်နံရံမှ ကျောက်များကိုတူးဖော် ခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်များကို မြောက်ဦး-စစ်တွေကားလမ်းပြုပြင်ရာတွင် အသုံးပြုရန်ရောင်းချနေသည်ဟု အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်ကိုကိုးကား၍ ကိုကျော်စိန်သန်းက နိရဥ္စရာသို့ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဌာမှ လက်ထောက်ညွှန်ကြားရေးမှူးက “တပ်ကို မေးမြန်းစုံစမ်း ချက်အရတော့ တပ်က သူတို့အဲလိုရောင်းစားဖို့အတွက် ထုတ်တာ မဟုတ်ပါဘူးတဲ့။ တပ်တွင်း လမ်းခင်းဖို့အတွက် ထုတ်တာလို့ပြောတယ်”ဟု ဆိုသည်။
ဂူတစ်လုံးစီလျှင် အကျယ် ၅ ပေခန့်စီရှိသည့် အဆိုပါဂူ ၃ လုံးမှာ ရခိုင်တို့၏ခေတ် ၄ ခေတ်ဖြစ်သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့အနက် လေးမြို့ခေတ်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော သစ္စပန္ဒဝမထေရ် သီတင်းသုံးခဲ့သည့်ဂူများဖြစ်သည့်အတွက် ယင်းဂူများမှာ ရှေးဟောင်း သမိုင်းဝင်ဂူများဆိုသည်မှာမှန်ကန်ကြောင်း ကျောက်တော်မြို့မှ ရခိုင်သမိုင်းသုတေသီ သူမြတ်(မဟာ အောင်မြေ)က နိရဥ္စရာသို့ ပြောသည်။
“အဲလို ဂူကြီး ရခိုင်ပြည်မှာ ၉ ခုရှိတယ်။ အဲလိုမျိုး ရခိုင်ပြည်မှာ အထွဋ်တမြတ်ဖြစ်တဲ့နေရာကို ဒီလို လုပ်တာဟာ ယဉ်ကျေးမှုအရ၊ ရခိုင်သမိုင်းအရ သူတို့ဖျက်ဆီးရာကျတယ်”ဟု ယင်းက စစ်တပ်၏လုပ်ရပ်ကို ဝေဖန်ပြော ဆိုသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့တစ်စုံတရာပြုလုပ်မိပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ရ နှစ်အထိချမှတ်နိုင်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့က ပြည်နယ် လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၏ ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။