ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မူနှင့်ပတ်သက်၍ ဘုံသတောတူညီချက် (၁ဝ) ခုကိုထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်မူနှင့်ပတ်သက်၍ ဘုံသတောတူညီချက် (၁ဝ) ခုကိုထုတ်ပြန်
by -
နိရဥ္စရာ

စစ်တွေတွင် ပြုလုပ်သော “ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့် ရသူများဆိုင်ရာ ဥပဒေနည်းဥပဒေ အလုပ်ရုံဆွေးနွေးပွဲ” မှ အချက် (၁၀) ချက်ပါ ဘုံသဘောတူညီချက်တစ်ခုကို ထုတ်ပြန်လိုက်သည်။

အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက် အတွင်းပြုလုပ်ခဲ့သော ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ ၁၉၈၂ နိုင်ငံ သားဥပဒေ အကောင်အထည်ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

DSCN4441

ကြေညာချက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ အမှန်တကယ် မြန်မာနိုင်ငံသား၊ မြန်မာ နိုင်ငံ သား ပြုခွင့်ရသူ ဘင်္ဂါလီများအား ဥပဒေပါအခွင့်အရေးများပေးပြီး ဥပဒေနှင့်မညီညွတ်သူများကို ခိုးဝင်ဘင်္ဂါလီ များ အဖြစ်သတ်မှတ်ကာ ဥပဒေနှင့်အညီထိထိရောက်ရောက်အရေးယူပေးရန်တောင်း ဆိုကြောင်း ဖော်ပြထားသည်။

“ဒီထုတ်ပြန်ချက် ၁ဝ ချက်ထဲမှာ အဓိကအရေးကြီးဆုံးအချက်က နိုင်ငံသားမဟုတ်တဲ့သူတွေ ကို နိုင်ငံသား မဟုတ် တဲ့အပိုင်းမှာထားရမယ်။ တိတိကျကျနိုင်ငံသားဥပဒေနဲ့အညီစိစစ်ရမယ်။ ဥပဒေနဲ့စိစစ်လို့ နိုင်ငံသား ဥပဒေနဲ့မညီတဲ့ သူတွေကို သက်ဆိုင်ရာနိုင်ငံတော်မှာရှိတဲ့ အာဏာပိုင်အနေနဲ့ သူတို့တွေကို သီးခြားထားပေးနိုင်မယ့်အခြေအနေကို ဖန်တီးပေးရမယ်ဆိုတာသည် အဓိကကျတဲ့အပိုင်းဖြစ်ပါတယ်”ဟု ဘူးသီးတောင်မြို့နယ်မှတက်ရောက်လာသည့် မြို့နယ် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက နိရဥ္စရာ၏သီး သန့်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ဘင်္ဂါလီများအနက် မည်သူတို့သည် နိုင်ငံသားဖြစ်သင့်သည်။ မည်သူသည် နိုင်ငံသားပြုခွင့် လျှောက်ထားနိုင်သူဖြစ်သင့်သည်တို့ကို ဥပဒေနှင့်အညီ တိတိကျကျ စိစစ်သတ်မှတ်ဆုံးဖြတ်နိုင်ရေးကိုလည်း ကြေညာ ချက်တွင် တောင်းဆိုထားသည်။

ယင်းအပြင် မြေပုံမြို့နယ်တွင်ပြုလုပ်ခဲ့သော နိုင်ငံသားစိစစ်ရေးဖြစ်စဉ်မှာ တည်ဆဲဥပဒေလုပ်ထုံး လုပ်နည်း များ နှင့် ကိုက်ညီမှုမရှိကြောင်းတွေ့ရှိရသဖြင့် မြေပုံမြို့နယ်၌ နိုင်ငံသားစိစစ်မှုအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ပြန် လည်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ကြေညာချက်တွင် တောင်းဆိုထားသည်။

၂ဝ၁၄ ခုနှစ်၊ မတ်လနှင့် ဧပြီလ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ခံမှုအတွင်း ရိုဟင်ဂျာ ဖြစ်ကြောင်းခံယူခဲ့ကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏တည်ဆဲဥပဒေများကို ဆန့်ကျင် ဖောက်ဖျက် ကျူးလွန်သူများဖြစ်သဖြင့် ထိုသူများအား တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံသားစိစစ်ခြင်း မပြုလုပ်ရန်လည်း အဆိုပါ ကော်မတီက တောင်းဆိုထားသည်။

အလားတူ ဘင်္ဂါလီလူမျိုးအချို့သည် ရခိုင်(သို့မဟုတ်) ကမန်လူမျိူးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရယူကိုင်ဆောင်ထားကြသည်ဟုလေ့လာတွေ့ရှိထားရသဖြင့် အဆိုပါနိုင်ငံသား စိစစ်ရေးကတ်ပြား များကို ပြန်လည် စိစစ် ပေးရန်တောင်းဆိုသည်။ ထိုကဲ့သို့ ပြန်လည်စိစစ်ရာတွင် ရခိုင်လူမျိုးများနှင့် ကမန်အသိုင်းအဝိုင်းတို့အနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း ကြေညာချက်တွင် တိုက်တွန်းထားသည်။

နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ မြို့နယ်အဆင့်စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်(ရခိုင်တိုင်းရင်းသား) မြို့မိမြို့ဖ နေရာများရွေးချယ်ရာတွင် မြို့သူမြို့သားများ၏ ဆန္ဒအတိုင်းရွေးချယ်ပေးရ မည်ဟုလည်း ကြေညာချက် ကဆိုထားသည်။

ယင်းပြင် ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးတွင် ပျံ့နှံ့ ရောက်ရှိနေသူဘင်္ဂါလီများ၏ နိုင်ငံသားဖြစ် မှုနှင့် နိုင်ငံသားပြုခွင့်တရားဝင်မှု/မဝင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပြန် လည်စိစစ်ရန် ကြေ ညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

ယင်းဆွေးနွေးပွဲကို စစ်တွေမြို့၊ လမ်းမတော်(တောင်)ရပ်ကွက်ရှိ သမ္မာသင်္ကပ္ပဓမ္မာရုံတွင် ကျင်းပခဲ့ပြီး  ရခိုင်ပြည်နယ်၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။

Most read this week