မြေယာအသုံးချမှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး စစ်တွေတွင် ပြုလုပ်

မြေယာအသုံးချမှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေး စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ

ရက္ခိတ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို စစ်တွေမြို့ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်းတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့ထိပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ဥက္ကဌ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ချို့၊ အစိုးရဝန်ထမ်းများ၊ သတင်းမီဒီယာများနှင့် စိတ်ပါ၀င်စားသူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

Group-1

“မြေယာအသုံးချမှုဟာ အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ အစိုးရ၊ ပြည်သူ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အချိန်ယူပြီး လက်တွဲလုပ်ဆောင်ရပါမယ်။ ငါး၊ ပုဇွန်၊ ဂဏန်းတွေဟာ ဒီရေတောများမှာ ပေါက်ဖွားပြီး ပယ်လယ်ထဲသို့ ရောက်သွားပါတယ်။ အဓိက မွေးဖွားကြီးထွားမည့် နေရာတွေကို စနစ်တကျ ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်”ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထိန်လင်းက မိန်းခွန်းထဲတွင် ထည့်သွင်း ပြောကြားသည်။

လိုအပ်သည်ထက် ထုတ်ယူသုံးစွဲမှုများလုပ်လျှင် နောင်လာနောင်သားများ အခက်အခဲနှင့် ကြံုတွေ့ ရနိုင်ကြောင်း၊ ရခိုင်ပြည်နယ်၌ သဘာဝသယံဇာတများကို စနစ်တကျ အသုံးချနိုင်ရန် နည်းပညာနှင့် ငွေကြေးလိုအပ်ကြောင်း၊ ရခိုင်ဒေသသည် တိုးတက်ဖွံ့ဖြိုးရန်အတွက် ရေခံမြေခံ ကောင်းကြောင်းလည်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌမှ  ထပ်လောင်းပြောကြားသည်။

“မြေယာကို စနစ်တကျ အသုံးချနိုင်ဖို့အတွက် အစိုးရနဲ့ မြေယာခန့်ခွဲရေး ကော်မတီမှာ အဓိက တာဝန်ရှိပါတယ်။ ၂၀၁၀-မှာ သစ်တောတွေ စိမ်းလန်းစိုပြေနေတာကို တွေ့ခဲ့ရတယ်။ ၂၀၁၄-ရောက်တော့ သစ်တောတွေ ပြုန်းတီးလာတာကို တွေရပါတယ်။ မြေယာစီမံခန့်ခွဲမှု မလုပ်နိုင်ရင် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နိုင်မှာ မဟုတ်ဘူး”လို့ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ယင်းနှစ်ရက်တာသင်တန်းတွင် အစိုးရဌာနဆိုင်ရာတစ်ချို့မှ ၀န်ထမ်းတစ်ချို့၊ အရပ်ဘက် လူမူ အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် စိတ်ပါ၀င်စားများ တက်ရောက် သင်ယူ၊ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြေယာအသုံးချမှုကို အစိုးရသာမက ပြည်သူနှင့် လူမှုအဖွဲ့အစည်းများပါ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဒေသခံကာယကံရှင်များကိုယ်တိုင်က လုပ်ပေးမည့်စီမံကိန်းများကို ကြိုတင် သိရှိနိုင်အောင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် သင်ကြားပို့ချသူ ဆရာရတနာကဆိုသည်။

ပြည်သူများအနေဖြင့် မိမိရပိုင်ခွင့်နှင့် ပါ၀င်နိုင်ခွင့်များကို သိရှိပြီး ပူးပေါင်ပါ၀င်နိုင်အောင် အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ခြင်းများကို အလေ့အကျင့် ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ တစ်ယောက် အနေဖြင့် မိမိတို့ ရပိုင်ခွင့်နှင့် ပါ၀င်နိုင်ခွင့်များကို သိရှိလာမှ အကြောက်တရားလွှမ်းမိုးမှုမှ လွတ်မြောက်လာမည်ဖြစ်ကြောင်းနှင့် အစိုးရ၊ လူမှုအဖွဲ့အစည်းနှင့် ပြည်သူများပူးပေါင်းပါ၀င် လုပ်ဆောင်မှ မြေယာအသုံးချမှုကို စနစ်တကျ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သင်ကြားပို့ချသွားသည်။

Most read this week