ရခိုင်အမျိုးသားပါတီညီလာခံ သံတွဲ ငပလီတွင် စတင် ကျင်းပ

ရခိုင်အမျိုးသားပါတီညီလာခံ သံတွဲ ငပလီတွင် စတင် ကျင်းပ
by -
နိရဥ္စရာ

စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ (၅) ရက်တိုင်ကျင်းပမည့် ရခိုင်အမျိုးသားပါတီ ညီလာခံကို စက်တင်္ဘာလ ၁၅ရက်နေ့က သံတွဲမြို့ ငပလီတွင် စတင်ဖွင့်လှစ်လိုက်သည်။

ဖွင့်ပွဲ အခမ်းအနားနှင့် ပတ်သက်ပြီး ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောက အခြေအနေ ကောင်းမွန်ကြောင်း ပြောဆိုသည်။

ANP-Conference

ဦးဦးလှစောက “ ကျွန်တော် ဖွင့်ပွဲ အခြေအနေက ပုံမှန်ပါဘဲ။ ဘာမှ ခက်ခက်ခဲခဲ မရှိပါဘူး။ လုံခြံုရေး ကိစ္စတွေရော အကုန်လုံး အဆင်ပြေပါတယ်။ ဖွင့်ပွဲကိုတော့ ဗောဓိကုန်း ဓမ္မာရုံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ကုန်းဆိုတဲ့ နေရာမှာပေါ့လေ။ တရားဝင်တော့ ကိုယ်စားလှယ် ၂၀၂ ဦး၊ စုစုပေါင်း လူပေါင်း ၂၅၀ တက်ရောက်ခဲ့ပါတယ်။ မြို့ပေါ်က လူတွေလည်း တော်တော်များများ လာရောက်ကြပါတယ်” ဟု ဆိုသည်။

ဖွင့်ပွဲ အခမ်းအနားတွင် သဘာပတိ အဖွဲ့ ၀င် အဖြစ်ဆောင်ရွက်သူ ရခိုင် ၀ါရင့်နိုင်ငံရေးသမား ဦးဝေစိန်အောင်၊ ပါတီ (ပ) ခေါင်းဆောင် ဦးအေးသာအောင်၊ (ဒု) ခေါင်းဆောင် ဒေါက်တာ အေးမောင်တို့က အသီးသီးအမှာစကား ပြောကြားခဲ့ကြသည်။

“ဒုတိယပိုင်းကိုတော့ ကျနော်တို့ ရောက်ရှိလာတဲ့ ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ၊ နောက် ချင်းပြည်နယ် ပလက်ဝနဲ့ ရန်ကုန်နဲ့ ဧရာဝတီ တိုင်းက ညီလာခံ ကိုယ်စားလှယ် အသီးသီးကို အချင်း မိတ်ဆက်ကြတယ်။ CC ရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေကို စာရင်းကိုလည်း မနေ့ မှတ်တမ်းပြုစုကြပါတယ်” ဟု ဦးဦးလှစောက ဆိုသည်။

ညီလာခံကို ကျင်းပရသည့် အဓိက ရည်ရွယ်ချက်ကိ်ုလည်း ဦးဦးလှစောက ယခုလို ပြောသည်။

“ ကွန်ဖရင့် ကတော့ သမိုင်းအရ ပါတီ နှစ်ခု ပူးပေါင်းလိုက်တယ်ဆိုတာလဲ ဒါ အကုန်လုံး၊ တပြည်လုံး၊ နိုင်ငံရေး အင်အားစုများ အားလုံး သိကြတဲ့ အတိုင်း ဖြစ်ပါတယ်။ တကယ်ပါတီ ခိုင်မာတဲ့ တကယ့်ပါတီ တစ်ရပ် ဖြစ်ပေါ်ရေး အတွက် တကယ် ခေါင်းဆောင်မူ အခန်းကဏ္ဍကို မပြုလုပ်ရသေးတဲ့ အတွက် ဒါကို ရွေးချယ်ဖို့လည်း ပါ၀င်တာပေါ့လေ။ ဥက္ကဌ အဖွဲ့၊ အတွင်းရေးမှူး အဖွဲ့တွေကို ရွေးချယ် ဖွဲ့စည်းမယ်။ ဒါ့ပြင် ဖွဲ့စည်းပုံထဲက ပြင်ဆင်စရာ ရှိတာကို ပြင်ဆင်မယ်။ နောက်တစ်ခုက ကျနော်တို့ ပါတီညီလာခံ ကျင်းပရတာက ၂၀၁၅ ခုနှစ်  လာမယ့် ရွေးကောက်ပွဲမှာ တကယ်တောင့်တင်းခိုင်မာတဲ့ အမျိုးသား ပါတီ တစ်ရပ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီး ခုညီလာခံကို ကျင်းပရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များကို ဘယ်မူများနှင့် ရွေးချယ်မည်ကို  ညီလာခံအတွင်း ဆွေးနွေးကြမည် ဖြစ်ပြီး ရွေးချယ်ဆိုင်ရာ မူတစ်ခုကိုလည်း ညီလာခံမှ အတည်ပြုရန် ရှိကြောင်း သိရသည်။

ယင်းပြင် ညီလာခံ ဒုတိယနေ့တွင် မြို့နယ် အသီးသီး၏ အစီရင်ခံစာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အစီရင်ခံစာများ၊ ဖိတ်ကြားထားသော ကချင် အခြေစိုက် ရက္ခိုင့်တပ်မတော် (AA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည် ဒီမိုကရက်တစ်ပါတီမှ သဝဏ်လွှာများကို ဖတ်ကြားကြမည်ဟု ဆိုသည်။

ညီလာခံတွင် ခေါင်းဆောင်ရွေးချယ်မူ အပိုင်းနှင့် ပတ်သက်ပြီး ညီလာခံသို့ တက်ရောက်နေသူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ယခုလို ပြောကြားသည်။

“ ဥက္ကဌ၊ ဒုဥက္ကဌ အပါအဝင် ခေါင်းဆောင်ပိုင်းတွေကို ရွေးချယ်တဲ့အခါ မှားမှားယွင်းယွင်း မဖြစ်အောင် ညီလာခံ ကျင်းပရေးကော်မတီက အစွန်းကုန်ကြိုးစားနေပါတယ်။ ပါတီ နှစ်ခု ပေါင်းစည်းတယ်ဆိုတာက အမည်အားဖြင့်လည်း ပေါင်းစည်းတယ်။ အနှစ်သာရ အားဖြင့်လည်း ပေါင်းစည်းတယ်။ ပြည်သူတွေကလည်း ပေါင်းစည်းတယ်ဆိုတာကို လိုချင်တဲ့ အတွက် ဖြစ်အောင် ကျနော်တို့ ကြိုးစားမှာပေါ့။ ညီလာခံ ကိုယ်စားလှယ်တွေလည်း ကောင်းတဲ့ အလုပ်ကို လုပ်နိုင်ကြပါလိမ့်မယ်။ ညီလာခံကိုယ်စားလှယ်တွေ အနေနဲ့ လောဘတွေ ရှိနေကြပေမယ့် သူတို့လည်း တိုင်းပြည်နဲ့ လူမျိုးကို တန်ဖိုးထား ချစ်မြတ်နိုးသူတွေ ဖြစ်ကြတဲ့ အတွက် ကောင်းကျိုးကို ရည်မျှော်ပြီး လုပ်ကြပါလိမ့်မယ်” ဟု သူက ပြောဆိုသွားသည်။

Most read this week