မြေပုံမြို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမူ ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်

မြေပုံမြို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် စစ်ဆေးမူ ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်
by -
နိရဥ္စရာ

ရခို်င်ပြည်နယ်၊ မြေပုံမြို့ရှိ ဘင်္ဂါလီများအား  ၁၉၈၂ ခုနှစ်နိုင်ငံသားဖြစ်ခွင့် စစ်ဆေးခြင်း လုပ်ငန်းအား ယခုလ ၂ဝ ရက်တွင်အပြီးသတ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၏သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစု ရေးဆပ်ကော်မတီဥက္ကဋ္ဌဦးလှသိန်းက ထုတ်ဖော်ပြောသည်။

“ဒီလ ၂ဝ ရက်မှာ အပြီးသတ်ပြီးတော့ ဒီကစစ်ဆေးပြီးတာတွေကို ဗဟိုကိုတင်ပြမယ်”ဟု ဦးလှသိန်းက ပြောသည်။

images1-1

မြေပုံမြို့ရှိဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစိစစ်ခြင်းပြီးစီးသွားပါက ရခိုင်ပြည်နယ်အတွင်းရှိ မည် သည့်မြို့နယ်များကို ဆက်လက်စိစစ်သွားမည်ဆိုသည်ကို သတ်မှတ်မထားဘဲ ပြည်နယ်အတွင်းရှိ မည်သည့် မြို့နယ်ကမဆို ဘင်္ဂါလီလူမျိုးအမည်ခံ၍ နိုင်ငံသားဖြစ်ခွင့်စိစစ်ပေးရန်တောင်းဆိုလာပါက တောင်းဆိုလာသည့် မြို့နယ်များကို ဆက်လက်စိစစ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကဆိုသည်။

မြေပုံမြို့နယ်ရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်ကို ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိစစ်ဆေးခြင်းရန် လျှောက် လွှာလက်ခံခြင်းကိစ္စကို ယခုနှစ်၊ ဇွန်လ ၁၅ ရက်မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီ ၁ဝ၉၄ ဦး၏ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားခြင်း လျှောက်လွှာကို စိစစ် ရေးအဖွဲ့က လက်ခံရရှိခဲ့ကြောင်း သိရသည်။

လျှောက်လွှာလာတင်သည့်ဘင်္ဂါလီ တစ်ထောင်ကျော်ကို နိုင်ငံသားဖြစ်ခွင့်ရှိ/မရှိ အောက်ခြေအဆင့် စစ်ဆေးခဲ့ရာ ယင်းတစ်ထောင်ကျော်အနက် ၄ဝဝ ကျော်ကိုသာ နိုင်ငံသားဖြစ်ခွင့် အချက်များနှင့် ကိုက်ညီမှုရှိ သည်ကိုတွေ့ရှိရကြောင်း စိစစ်ရေးအဖွဲ့ဝင်များ၏ပြောပြချက်အရ သိရသည်။

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာသည့်ဘင်္ဂါလီများကို မြို့နယ်အဆင့်စိစစ်ရေးအဖွဲ့၊ ခရိုင်အဆင့်စိစစ် ရေးအဖွဲ့၊ ပြည်နယ်အဆင့်စိစစ်ရေးအဖွဲ့နှင့် ဗဟိုအဆင့်စိစစ်ရေးအဖွဲ့ဟူ၍ အဆင့်ဆင့်စစ်နေခြင်းဖြစ်ပြီး ယခုလျှောက်ထားလာသူများအနက် နိုင်ငံသားဖြစ်ခွင့်ရှိသူ မည်မျှ ရှိမည်ဆိုသည်ကိုမှာ ဗဟိုစိစစ်ရေးအဖွဲ့၏ စစ်ဆေးမှုအပေါ်တွင်မူတည်ကြောင်း ဦးလှသိန်းက ဆိုသည်။

“ဗဟိုကဆုံးဖြတ်ပြီးမှ သက်သေခံလက်မှတ်တို့ ဘာတို့ထုတ်ပေးမယ်”ဟု ယင်းက ဆက်ပြောသည်။

ဘင်္ဂါလီများကိုနိုင်ငံသားဖြစ်ခွင့်စိစစ်ရာတွင် ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံတွင်နေထိုင််ခဲ့သူများ၏ မျိုးဆက်ဟုတ်/မဟုတ်၊ ရူးသွပ်သူ၊ အသက် ၁၈ နှစ်ပြည်ပြီးသူ၊ ဘိုးဘွားများ နေထိုင်ခဲ့မှု အထောက်အထား များကို စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့စစ်ဆေးပြီးနောက် ဥပဒေနှင့်ညီပါက အဆိုပါဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့်ပေးနိုင်သော် လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ကြောင်း ယခုလ ၈ ရက်က  နယ်သာလန်နိုင်ငံသို့ ရောက်ရှိခဲ့ သော နိုင်ငံတော်သမ္မတဦးသိန်းစိန်က နယ်သာလန်လွှတ်တော်ဥက္ကဋ္ဌအပါအဝင် ပါလီမန်  အမတ်များနှင့်တွေ့ ဆုံစဉ် တရားဝင်ထုတ်ဖော်ပြောကြားခဲဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ထုတ်ပြန်ထားချက်အရ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူဦးရေ ရှစ်သိန်းကျော်ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဘင်္ဂါလီလူမျိုးအမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်တောင်းလာမည့်သူများကို နိုင်ငံသားဖြစ်ခွင့် စိစစ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အချိန်ကြန့်ကြာမှုမဖြစ်ပေါ်စေရန် ယခုအခါ မြေပုံမြို့တွင် နိုင်ငံသားဖြစ် ခွင့်စိစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို လက်တွေ့ သင်တန်းများ ပို့ချက်လျက် ရှိကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စုံစမ်းသိရသည်။

Most read this week