တောင်ကုတ်တပ်သိမ်းမြေတွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရ၍ ကာချုပ်အထိ စာတင်မည်ဟုဆို

တောင်ကုတ်တပ်သိမ်းမြေတွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရ၍ ကာချုပ်အထိ စာတင်မည်ဟုဆို
by -
နိရဥ္စရာ

တပ်မတော်မှ သိမ်းယူထားသော လယ်မြေပေါ်တွင် လုပ်ကိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထိ စာရေး အသနားခံသွားမည်ဟု တောင်ကုတ်မြို့မှ လယ်သမားကြီး ဦးရွှေအောင်က ဆိုသည်။

တောင်ကုတ်မြို့နယ် ကြိုးကြာကွင်း ကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်တွင် လယ် (၅) ဧက ရှိရာ ယင်းလယ်မြေအားလုံအား တောင်ကုတ်မြို့ စကခ (၅) မှ လျှော်ကြေး တစ်စုံတစ်ရာ မပေးဘဲ သိမ်းယူသွားခဲ့ ကြောင်း၊ ထို (၅) ဧကထဲမှ (၃) ဧကမှာ သတ်မှတ်ထားသော တပ်ဧရိယာတွင် မပါ၀င်ဘဲ ပါးနီးပါးစပ်တွင် တည်ရှိသဖြင့် ဦးရွှေအောင်အား အခကြေးငွေ တစ်စုံတစ်ရာ ပေးသွင်းစရာမလိုဘဲ ပြန်လည် လုပ်ကိုင် စားသောက်ရန် ခွင့်ပြုပေးခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်စားသောက်လာခဲ့ရာမှ ယခုနှစ် စိုက်ပျိုးရာသီတွင် လုပ်ကိုင်ခွင့်မပေးတော့ဘဲ အတင်း လယ်ထဲမှ မောင်းထုတ်ခဲ့ကြောင်း ဦးရွှေအောင်က ပြောဆိုသည်။

“ ဦးမှာ လယ် ၅ ဧက ရှိပါတယ်။ အဲဒီ (၅) ဧကထဲက (၂) ဧကဟာ တပ်သိမ်းတဲ့ ဧရိယာထဲမှာ ပါသွားပြီး ကျန်တဲ့ (၃) ဧကကတော့ တပ်သိမ်းမြေထဲမှာပါပေမယ့် အလွတ် ဖြစ်နေတဲ့ အတွက် ဒီနေ့ထိ လုပ်ကိုင်စားသောက် လာပါတယ်။ ခုကျတော့ အဲဒီ ၃ ဧက ပေါ်မှာလည်း လုပ်ကိုင်စားသောက်ခွင့် မပြုဘဲ မောင်းထုတ်တဲ့ အတွက် မျိုးစပါးကျခါနီးမှ လယ်ကိုစွန့်ပီး ထွက်လာရပါတယ်”ဟု ကြိုးကြာကွင်းကျေးရွာမှ လယ်သမားကြီး ဦးရွှေအောင်က နိရဥ္စရာသို့ ပြောသည်။

၎င်းမြေ ၃ ဧကအား တစ်စုံတစ်ရာ အခကြေးငွေ မယူဘဲ လုပ်စားရန် စကခ (၅) တပ်မမှ ဌာနချုပ်မှူးက ထုတ်ပေးထားသော ထောက်ခံချက်ရှိကြောင်း ဦးရွှေအောင်က ပြောသည်။

“ ဒီမြေတွေဟာ တပ်သိမ်းမြေထဲမှာ ပါပေမယ့် လုပ်ကိုင်စားသောက်ဖို့ တပ်မ ဌာနချုပ်မှူးက ထောက်ခံစာရေး ပေးထားပါတယ်။ ဒါ့ပြင် မြေတိုင်းဌာနက စိုက်ထူထားတဲ့ တပ်မြေဆိုတဲ့ ကျောက်တိုင်ရဲ့ အပြင်ဘက်မှာလည်း ရှိနေပါတယ်။ အခု ဒီမြေတွေပေါ်မှာ အခု လုပ်ကိုင်စားသောက်လို့ မရတော့ဘူးဆိုတော့ ဦးမှာ ဘဝရပ်တည်ရေး အထူးအခက်အခဲ ဖြစ်သွားပြီ” ဟု ဦးရွှေအောင်က ဆက်ဆိုသည်။

ယခုကဲ့သို့ လုပ်ပိုင်ခွင့် ရုတ်သိမ်းခံရသဖြင့် လုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့သဖြင့် မိသားစု အနာဂတ်အတွက် အထူးရင်လေးမိ၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာပေးပို့သွားမည်ဟု သူက ပြောဆိုသည်။

“  ဦးက ဒီလယ်ကိစ္စ ကာကွယ်ရေး ဦးစီးချုပ်ထိ တင်ရမှာဘဲ။ ဒီလယ် သုံးဧကကို မှီပြီး လုပ်ကိုင် စားသောက် နေတာ အခု ဘယ်လိုလုပ် ရပ်တည်ရမလဲဆိုတာတောင် မသိတော့ပါဘူး။ လျှော်ကြေးလည်း တစ်ပြားမှ မရဘူး။ ဒါကြောင့် ကျွန်တော်ကို သနားသဖြင့် ဒီလယ်မြေတွေမှာ ပြန်လုပ်ကိုင်စားသောက်ခွင့်ရဖို့ အသနားခံသွားပါမယ်” ဟု ဆိုသည်။

တောင်ကုတ် အခြေစိုက် စကခ(၅) တပ်မသည် စုစုပေါင်း လယ်မြေဧက (၃၁၂) ဧကကို လယ်သမား ၅၇ ဦးထံမှ ၁၉၉၅ ခုနှစ်အတွင်းက သိမ်းဆည်းထားပြီး အခု ဦးရွှေအောင်၏ လယ် (၅) ဧကသည်လည်း ယင်းအထဲတွင် ပါ၀င်သည်ဟု သိရသည်။

Most read this week