မောင်တောဒေသခံတစ်ဦး ဒိုင်ယာစီဖန်ဆေးပြားများနှင့်အတူ စစ်တွေသင်္ဘောဆိပ်တွင် ဖမ်းဆီးခံရ

မောင်တောဒေသခံတစ်ဦး ဒိုင်ယာစီဖန်ဆေးပြားများနှင့်အတူ စစ်တွေသင်္ဘောဆိပ်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့မှ ဒိုင်ယာစီဖန် ဆေးပြားများ သယ်လာသူတစ်ဦးကို စစ်တွေသင်္ဘောဆိပ်တွင် ယခုလ (၁) ရက်နေ့က ဆေးပြားများနှင့် အတူ ရဲမှ ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

“ ဒီသတင်းမှန်ပါတယ်ခင်ဗျား။ သတင်းအရ စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသစ်ဆန်းရဲ့ ညွှန်ကြားချက်နဲ့ မူးယစ်ဆေးဝါး တပ်ဖွဲ့စု (၄၇) မှ ရဲမှူးရီသန်းထွန်း ဦးစီးတဲ့ တပ်ဖွဲ့က သတင်းအရ ဘူးသီးတောင်ကနေ ခုတ်မောင်းလာပြီး စစ်တွေ ဆိပ်ကမ်းကို ညနေ (၈) နာရီခန့်မှာ ဆိပ်ကပ်လာတဲ့ အောင်တံခွန် (၅) သင်္ဘောကို တက်ရောက်ရှာဖွေတဲ့အခါ ဆေးပြားတွေနဲ့ အတူ လူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု တာဝန်ရှိ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ မောင်တောမြို့၊ ငခူရကျေးရွာမှ မောင်သန်းထွန်း (၄၄ နှစ်)  (ဘ) ဦးကျော်မြဦးဖြစ်ကြောင်း ရဲအရာရှိမှ အတည်ပြု ပြောဆိုသည်။

“ သူ့ထံက ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကတော့ အများကြီးပါဘဲ။ အနက်ရောင် ခရီးဆောင်အိတ်နဲ့ သယ်ဆောင်လာတာပါ။ အသိသက်သေတွေနဲ့ ဖွင့်ရှာတော့ အဲဒီအိတ်တွေက ဖမ်းမိတာပါ” ဟု သူကဆက်ဆိုသည်။

ဖမ်းဆီးရမိသော ဆေးပြားများမှာ တစ်ကဒ်တွင် ဆေးပြား (၂၀) စီပါ ဒိုင်ယာစီဖန် ( Diazepam) ၅ မီလီဂရမ် (၁၄၉၆) ကဒ်၊ ဆေးကဒ် တစ်ခုတွင် ဆေးပြား (၁၀) ပြားစီပါ Alprazolaml ၂၅ မီလီဂရမ် ဆေးကဒ်ပေါင်း ၄၉၀ ကဒ်၊ ဆေးကဒ် တစ်ခုလျှင် ဆေးပြား (၁၀) ပြားစီပါ Alprazolaml ဆေးကဒ် ပေါင်း ၄၉၀ ကဒ်၊ စုစုပေါင်း ဆေးများ၏ လက်ရှိ တန်ဖိုးငွေပမာဏ ကျပ် (၁၁၄၂၆၀၀) ရှိကြောင်း ရဲတာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးမိသူ မောင်သန်းထွန်းအား ယခုအခါ စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ရဲအုပ်ဝင်းလိူင်မှ တရားလို ပြုလုပ်ပြီး (ပ)၇/၂၀၁၄ မူးယစ်/ စိတ်ပြောင်းပုဒ်မ- ၁၅/၁၉ (က) /၂၀ (က) အရ အရေးယူ အမူဖွင့်ထားကြောင်း သိရသည်။

ယင်းအမူအား အမူအမှတ် ၁၆၉၇၆၆ ဖြင့် စစ်တွေ အမှတ်(၁) ရဲစခန်းမှ လက်ခံပြီး ဒုရဲအုပ် အောင်တင်ဦးမှ ဆက်လက်စစ်ဆေးကာ ကွင်းဆက်များကို ဖေါ်ထုတ်နေကြောင်း ရဲအရာရှိမှ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အထူးများပြားလာနေကြောင်း၊ ကျောင်းသား လူငယ်များအကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့်သုံစွဲနေကြကြောင်း၊ အထူးသဖြင့် စစ်တွေမြို့ရှိ အထက်တန်းကျောင်းအချို့ရှိ ကျောင်းကွမ်းယာဆိုင်များတွင်လည်း အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြောင်း၊ စစ်တွေမူးယစ်တပ်ဖွဲ့မှလည်း အစွန်အဖျားရောင်းဝယ် ဖေါက်ကားနေသူများထက် ဒိုင်ကြီးများကို ဖေါ်ထုတ် အရေးယူရန် လိုအပ်ကြောင်း စစ်တွေမြို့မှ ဆေးစွဲနေသူတစ်ဦး၏ ဇနီးဖြစ်သူက နိ်ရဥ္စရာသို့ ရင်ဖွင့် ပြောကြားသည်။

Most read this week