မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်းသတင်းမှားယွင်းသည်ဟု မြို့ခံများဆို

မြဝတီသတင်းစာပါ ပေါက်တောမြို့ဆိပ်ခံတံတားပြီးစီးကြောင်းသတင်းမှားယွင်းသည်ဟု မြို့ခံများဆို
by -
နိရဥ္စရာ

မြဝတီ သတင်းစာ မျက်နာဖုံးတွင် ဇူလိုင်လ(၂၄)ရက်နေ့က  “ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီးစီး” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့သော သတင်းမှာ မှားယွင်းကြောင်း ပေါက်တောမြို့ခံများက ပြောဆိုသည်။

ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု အစိုးရပိုင် မီဒီယာ တစ်ခုမှ ရေးသားဖေါ်ပြခြင်းမှာ မဖြစ်သင့်ဟု ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးကျော်ဝင်းကြီးက နိရဥ္စရာသို့  ပြောဆိုသည်။

pataw-harbour

“ မယုံရင်လာကြည့်လို့ ရတယ်။ တံတားက မပြီးသေးဘူး။ မပြီးသေးတာကို ပြီးတယ်လို့ရေးတော့ မြို့သိက္ခာကျ တယ်။ သာမန်မီဒီယာတစ်ခုက ရေးတာမျိုးမဟုတ်ပဲ အစိုးရ မီဒီယာကတောင်မှ ဒီလိုလုပ်တယ်ဆိုရင် မြို့သူမြို့သား တွေကို လိမ်ရာကျတယ် ” ဟု သူက ပြောသည်။

ဇူလိူင်လ ၂၄ ရက်နေ့က မြဝတီသတင်းစာ၌ “ ရခိုင်ပြည်နယ် ပေါက်တောမြို့၌ ဆိပ်ခံတံတား တည်ဆောက်ပြီး စီး” ခေါင်းစဉ်ဖြင့် မျက်နာဖုံးတွင် ရေးသားဖေါ်ပြသော သတင်းတွင် “ရခိုင်ပြည်နယ် ပေါက်တောမြို့ဆိပ်ခံတံ တားကို ရခိုင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်ဖေဖေါ်ဝါရီ ၂၆ ရက်တွင် စတင်၍ တာဝန်ယူတည်ဆောက်ခဲ့ရာ ယခုအခါ ဆိပ်ကမ်းတံတား တည်ဆောက်မူမှာ ယမန်နေ့က ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်” ဟု ဖေါ်ပြထားသည်။

ဆိပ်ခံတံတား မပြီးစီးသေးဘဲ ပြီးစီးသည်ဟု ရေးသားဖေါ်ပြခြင်းမှာ နောက်ကွယ်က အကြောင်းအရာ တစ်ခုခု ရှိနိုင်ကြောင်း ပေါက်တောမြို့ လူမှုကွန်ရက်မှ ကိုအောင်မြင့်က ပြောသည်။

“ မြို့က လူတွေကတော့ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ သတင်းဌာနက သတင်းသမားတွေနဲ့ပေါင်းပြီး လုပ်စားသလားဆိုပီး ဝေဖန်မူတွေ ရှိနေတယ်။ ပြီးစီးရမယ့် သတ်မှတ်ထားတဲ့ နေရက်မှာ ဆိပ်ခံ တံတား မပြီးနိုင်တဲ့ အတွက် လျော်ကြေးပေးရမှာ ကြောက်လို့ ခုလို လုပ်ကြံဖန်တီး ရေးသားတာလား ဆိုပြီး ခုသတင်းနဲ့ ပတ်သက်ပြီး လူတွေက သံသယဝင်နေကြတယ် ” ဟု သူက ပြောသည်။

သတင်းစာတွင် ပေါက်တော ဆိပ်ခံတား တည်ဆောက်ပြီးစီးပြီဟု ရေးသားထားသည့် သတင်းနှင့် ပတ်သက်၍ ပေါက်တောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလှိုင်ထံသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ “ ဒါကတော့ ဆောက်လုပ်ရေးကုမ္ပဏီကိုပဲ မေးကြည့် ”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

scan-newspaper-ptaw-harbour

တံတားဆောက်လုပ်ရေး၌ သံဂဟေဆက်လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်နေသူ ဦးသာတင်က ဆိပ်ခံတံတား ဆောက်လုပ်မှုမှာ ယခုအချိန်ထိ တစ်ဝက်ကျော်ကျော်သာ ပြီးစီး၍ ရာနှုန်းပြည့် ပြီးစီးခြင်း မရှိသေးကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

“ တံတားက မပြီးသေးဘူး၊ တဝက်ကျော်ကျော်လောက်ရှိသေးတယ်၊ ကျွန်တော်တို့ လုပ်တုန်းပဲ ရှိသေးတယ်၊ မိုးနည်းရင်တော့ နောက်နှစ်ပတ်လောက် ပြီးနိုင်တယ်” ဟု ဦးသာတင်က ပြောသည်။

အဆိုပါ ဆိပ်ခံတံတားတည်ဆောက်ရန် ရခိုုင်ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်သိန်းပေါင်း (၂၉၀၀) ခွင့်ပြုခဲ့သည်။

Most read this week