နိုင်ငံသားဖြစ်ရေး/မဖြစ်ရေး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူဥပဒေဖြင့် ရခိုင်ရှိ မူဆလင်များကို စတင်စိစစ်

နိုင်ငံသားဖြစ်ရေး/မဖြစ်ရေး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူဥပဒေဖြင့် ရခိုင်ရှိ မူဆလင်များကို စတင်စိစစ်
by -
နိရဥ္စရာ

ဒေသခံ ရခိုင်လူထုနှင့် မူဆလင် အသိုင်းအဝိုင်းမှ လိုလိုလားလား ထောက်ခံမူကြောင့် မြေပုံမြို့နယ် ဒုက္ခသည် စခန်းရှိ မူဆလင်များကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေဖြင့် နိုင်ငံသား ဖြစ်ရေး/ မဖြစ်ရေးကို စတင် စိစစ်နေပြီ ဖြစ်ကြောင်း ယမန်နေ့ ဇွန်လ (၁၅) ရက်နေ့က စစ်တွေမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“မနေ့က ပြည်ထောင်စု ၀န်ကြီးတွေ မြေပုံကိုရောက်တော့ ဒီနိုင်ငံသား စိစစ်ရေး ကိစ္စကို ဆွေးနွေးတဲ့ အခါ ရခိုင် ရပ်မိရပ်ဖတွေဘက်ကလည်း သဘောတူ လက်ခံတယ်။ လူမူ အဖွဲ့အစည်းတွေကလည်း လက်ခံတယ်။ ဒါကို ၀န်ကြီးတွေဘက်ကလည်း ဘင်္ဂလီ လူမူအသိုင်းအဝိုင်းကို ချပြတော့ သူတို့လည်း လိုလိုလားနဲ့ လက်ခံတယ်။ ကောက်ပါလို့ဆိုတဲ့ အတွက် မနေ့က စတင် ကောက်ခံ စိစစ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ပြည်နယ်ဥပဒေချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲလုပ်နေစဉ်။( ဓါတ်ပုံ- စိုးနိုင်/နိရဥ္စရာ)

ယင်းသို့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဦးဆောင်ပြီး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

“အခု ကောက်နေတာက ဘင်္ဂလီဆိုတဲ့ နာမည်နဲ့ပါ။ သူတို့ ပြောတဲ့ စကားနဲ့ပြောရရင်တော့ ဒေသခံ ရခိုင်တွေ မကြိုက်တဲ့ နာမည်နဲ့ မကောက်ပါနဲ့။ သူတို့ စိစစ်ပါ။ ခုလို လိုလိုလားလားနဲ့ လက်ခံတဲ့ အတွက် မနေ့မနက်အထိတော့ ၃၅ စောင်ကို လက်ခံရရှိပြီး စိစစ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ အိမ်ထောင်စု စာရင်းများကို ကောက်ခံ စိစစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေနှင့် ကိုက်ညီသူများကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုသွားမည်ဟု သိရသည်။

ယင်းသို့ စာရင်းကောက်ခံမှုများ မဆောင်ရွက်မီ စိစစ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံ ရခိုင်လူမှု အဖွဲ့အစည်းများနှင့်ဘင်္ဂလီလူမျိုးများအား ညှိနှိုင်းရှင်းပြခဲ့သည်ဟု သတင်းထုတ်ပြန်သူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကဆိုသည်။

ထို့အပြင် နိုင်ငံသား စိစစ်ရေးကော်မတီများကို မြို့နယ်အဆင့်၊ပြည်နယ်အဆင့်၊ ဗဟိုအဆင့်များဖြင့် ကော်မတီအသီးသီး ဖွဲ့စည်းကာ ဆက်လက် စိစစ်မှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ စိစစ်ကောက်ခံမှုများပြုလုပ်ရာတွင် ပြည်ပမှခိုးဝင်လာသူများကို တွေ့ရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီက ပြောသည်။

လက်ရှိအချိန်တွင် မြေပုံမြို့ရှိ ဘင်္ဂလီဒုက္ခသည်စခန်းတွင် လူဦးရေ (၃၀၀၀)ကျော်ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းမှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအထဲတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ ဥပဒေအရ စိစစ်ပါက နိုင်ငံသား ဖြစ်နိုင်သူ အများအပြား ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသော လူမျိုးအမည်ဖြင့် နိုင်ငံသား ဖြစ်ပိုင်ခွင့်တောင်းဆိုနေသဖြင့် သူတို့၏ နိုင်ငံသား ဖြစ်မူမှာ မလိုအပ်ဘဲ ကြန့်ကြာနေရကြောင်း အစိုးရ တာဝန်ရှိသူများက သုံးသပ် ပြောဆိုသည်။

Most read this week