ယခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း (၆) ဘာသာဂုဏ်ထူး နယ်မြို့များမှ ၆ ဦးဆွတ်ခူး

ယခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း (၆) ဘာသာဂုဏ်ထူး နယ်မြို့များမှ ၆ ဦးဆွတ်ခူး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၆) ဘာသာ ဂုဏ်ထူးရှင်များသည် ယခင်နှစ်များနှင့်မတူ ရခိုင်ပြည်နယ် နယ်မြို့များမှ ကျောင်းသား ၆ ဦးဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။

၎င်းကျောင်းသားများမှာ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲမြို့တို့မှ ဖြစ်ကြသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(၆) ဘာသာဂုဏ်ထူးရှင် မချမ်းမြသန္တာအား မွေးထုတ်ရာ မြောက်ဦး အထက်တန်းကျောင်း (ဓါတ်ပုံ- နိရဥ္စရာ)

ယင်းဂုဏ်ထူး (၆) ဘာသာ ရရှိကြသော ကျောင်းသားများမှာ  မချမ်းမြသန္တာ (၊မြောက်ဦးမြို့)၊မောင်ညိုဝင်း (ပုဏ္ဏားကျွန်းမြို့)၊ မောင်ဟန်ဝင်းကို (သံတွဲမြို့)၊ မောင်ဖြိုးမင်းဇော် (တောင်ကုတ်)၊ မောင်တောင်း(တောင်ကုတ်) နှင့် မနှင်းကေခိုင် (ဂွမြို့) တို့ဖြစ်ကြသည်။

၂၀၁၃-၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများ ခြောက်ဘာသာ ဂုဏ်ထူးရှင်(၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၂၇)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင်(၃၁)ဦး၊ သုံးဘာသာ ဂုဏ်ထူူးရှင် (၅၉)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၂၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄၄၃)ဦး အောင်မြင်ခဲ့သည်။

ဘာသာရပ်အလိုက် ဂုဏ်ထူးရဘာသာများစာရင်းမှာ မြန်မာစာဂုဏ်ထူးရသူ (၅၉)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူးရသူ (၅၆)ဦး၊ သင်္ချာဂုဏ်ထူးရသူ (၉၆)ဦး၊ ဓာတုဗေဒ ဂုဏ်ထူးရသူ (၁၂၅)ဦး၊ ရူပဗေဒဂုဏ်ထူးရသူ (၂၉၇)ဦး၊ ဇီဝဗေဒဂုဏ်ထူးရသူ (၂၁၂)ဦး၊ ပထဝီဂုဏ်ထူးရသူ  (၇၅)ဦး၊  သမိုင်းဂုဏ်ထူးရသူ  (၁၁)ဦး၊ ဘောဂဗေဒဂုဏ်ထူးရသူ  (၂၂၂)ဦးတို့ ဖြစ်ကြသည်။

ရခိုင်တစ်ပြည်နယ်လုံး ဆယ်တန်း စာမေးပွဲ ဖြေဆိုသော စုစုပေါင်း ကျောင်းသား အရေအတွက် (၁၇၇၈၃ ) ဦး ရှိပြီး ယင်းအထဲတွင် ကျောင်းသား(၁၃၇၈၉ )ဦး၊  ကျောင်းသူ (၁၃၉၉၄) ဦးတို့ ဖြစ်သည်။
ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးရုံးမှ စာရင်းဇယားများ ထုတ်ပြန်ချက်အရ ယခုနှစ်  အောင်ချက်မှာ  (၁၈.၂၂) ရာခိုင်နှုန်း သာရှိသည်။ ယခင်နှစ် ၂၀၁၂-၂၀၁၃ ခုနှစ်က  (၆) ဘာသာ ဂုဏ်ထူးရှင်များသည်  ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှဖြစ်ပြီး ရခိုင်ပြည်နယ် အောင်ချက်သည်လည်း ၂၈ ရာခိုင်နှုန်း ရှိခဲ့သည်။

Most read this week