သေဆုံးနေသူ အမျိုးသမီး သဂြိင်္ုလ်ပြီးစီးသော်လည်း အမည်၊ နေရပ်လိပ်စာ မသိရသေး

သေဆုံးနေသူ အမျိုးသမီး သဂြိင်္ုလ်ပြီးစီးသော်လည်း အမည်၊ နေရပ်လိပ်စာ မသိရသေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့ရှိ ဘုရားတစ်ခုတွင် ထူးဆန်းစွာ သေဆုံးနေသော အသက် (၂၀) အရွယ် အမျိုးသမီးတစ်ဦးအား သဂြိုင်္လ်ပြီးစီးသွားပြီ ဖြစ်သော်လည်း သူမ၏ အမည်နှင့် နေရပ်လိပ်စာကို ယခုအချိန်ထိ မသိရှိရသေးကြောင်း သတင်း ရရှိသည်။

“သူမကို ရဲကသဂြိုင်္လ်လိုက်ပါပြီ။ ဒါပေမယ့် သူမဟာ ဘယ်သူလဲ။ဘယ်ကလဲဆိုတာ အခုအချိန်ထိ မသိသေးဘူး။ ဘယ်သူမှလည်း အဲဒီအမျိုးသမီးဟာ ငါ့သမီး င့ါဆွေမျိုးဖြစ်တယ်ဆိုတာကို လာရောက် ပြောတာ မရှိသေးဘူး” ဟု ပုဏ္ဍားကျွန်းမြို့မှ ဦးစံရွှေကျော်က နိရဥ္စရာသို့ ပြောသည်။

ဇွန်လ ၅ ရက်နေ့က ယင်းအမည်မသိ အသက် ၂၀ အရွယ် မိန်းခလေးသည် ပုဏ္ဍားကျွန်းမြို့နယ် ဂူဝ ဘုရားတွင်  သေဆုံးနေသည်ကို ရဲကတွေ့ခဲ့ရသည်ဟု ဆိုသည်။

“ သေနေတဲ့ အဲဒီအမျိုးသမီးရဲ့ အလောင်းဘေးမှာ ပလစတစ် အထုပ်ငယ်လေးတစ်ခုကို တွေ့ရတယ်။ ပီးရင် သောက်လက်စ ရေတစ်ပုလင်းကိုတွေ့ရတယ်။ အများကတော့ အဆိပ်သောက်ပြီး သေတာလို့ ပြောနေကြတယ်” ဟု သုူက ဆက်ပြောသည်။

သူမအား ချက်ချင်း ပုဏ္ဍားကျွန်းမြို့နယ် ဆေးရုံသို့ ဆေးစစ်ရန် ယူဆောင်သွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် ရဲက သဂြိုလ်လိုက်သည်ဟု သိရသည်။

“ အမျိုးသမီးရဲ့ ဆွေမျိုး၊ အသိ တစ်ဦးမှ ပေါ်မလာတော့ ရဲက ချက်ချင်း သဂြိင်္ုလ်လိုက်ပါတယ်။ အမှန်ဆိုရင်တော့ အလောင်းကို ထားသင့်တာပေါ့။ ခက်တာက ကျနော်တို့ မြို့က ဆေးရုံမှာ အလောင်းကို ထိ်န်းသိမ်းထားမယ့် အအေးခန်းလည်း မရှိဘူးလေ” ဟု ဆိုသည်။

အဆိုပါ သေမူ သေခင်းနှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် ပုဏ္ဍားကျွန်းမြို့ ရဲစခန်းသို့ ဖုံးဖြင့် အကြိမ်ကြိမ် ဆက်သွယ်ရာ ဧရိယာပြင်ပသို့ ရောက်ရှိနေသည်ဟု ဆိုကာ ဖုံးခေါ်၍ မရရှိခဲ့ပါ။

ယမန်နေ့ ညနေထိ သူမ အမည်နှင့် နေရပ်လိပ်စာကို စုံစမ်း၍ မရရှိသေးဟု ဆိုသည်။

Most read this week