ရွှေမောင်း (၃၉) လုံးရ ပုဏ္ဍားကျွန်းမြိ့နယ် ကံချောင်းကျေးရွာမှ ကျင်သန်ကြီး ဦးမောင်ကျော်သောင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း

ရွှေမောင်း (၃၉) လုံးရ ပုဏ္ဍားကျွန်းမြိ့နယ် ကံချောင်းကျေးရွာမှ ကျင်သန်ကြီး ဦးမောင်ကျော်သောင်းနဲ့ တွေ့ဆုံ မေးမြန်းခန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြိ့နယ် ကံချောင်းကျေးရွာမှ ကျင်သန်ကြီး ဦးမောင်ကျော်သောင်းသည် ယခုအခါ အသက် (၆၄) နှစ်ရှိပြီ ဖြစ်သည်။ သူ့၏  ကျင်သက်တမ်း တလျှောက်တွင် ရွှေမောင်း (၃၉) လုံးကို အနယ်နယ်အရပ်ရပ်မှ ဆွတ်ခူး ရရှိခဲ့သည်။ ရခိုင်ရိုးရာကျင်အားကစားနှင့် ပတ်သက်ပြီးသာမက ရှေ့ဟောင်းနှောင်းဖြစ် သူ့ဘဝ အခြေအနေများသူ့အမြင် သူ့အတွေးများကို ကျင်သန်ကြီး ဦးမောင်ကျော်သောင်းအား ကိုယ်တိုင်ကိုယ်ကျသွားရောက် မေးမြန်းပြီး နိရဥ္စရာမှ တင်ပြပေးလိုက်ပါသည်။

U-Mg-Kyaw-Thaung

မေး- ဘယ်အချိန်တုန်းက ကျင်စကိုင်တာပါလဲ။

ဖြေ- ကျွန်တော် အသက် (၂၅)နှစ်လောက်က စပြီး ကျင်ကိုင်ပါတယ်။ရသေ့တောင်မြို့ စေတီတောင်ပွဲမှာပါ။ အသက် ၃၈ နှစ်မှာ ကျင်လောကကနေ အနားယူခဲ့ပါတယ်။
မေး- ရွှေမောင်း ဘယ်နှစ်လုံး ရဖူးပါလဲ။

ဖြေ- ရွှေမောင်းဆုကတော့ အားလုံး(၃၉)လုံး ရရှိခဲ့ပါတယ်။ စစ်တွေ ဝင်္ကပါကွင်းမှာလည်း ရဖူးပါတယ်။ ဦးရာဇ်တောင်၊ နောက်ပြီး ရသေ့တောင်၊ ကူတောင်၊ ဦးခေါင်းတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မဟာမြတ်မုနိ အားလုံးမှာရဖူးပါတယ်။ ကျွန်တော်တို့တုန်းက ခုခေတ်လောက် ပွဲအများပါဘူး။ တစ်နှစ်မှာ လေးပွဲ ငါးပွဲလောက်ပဲကိုင်ရတာပါ။ ခုခေတ်မှာတော့ ကျင်ပွဲအများကြီးပေါ့။ အားရစရာကောင်းပါတယ်။

မေး- ဟုတ်ကဲ့၊ အစ်ကိုကြီး ကျင်သန်တစ်ယောက် ဘယ်လိုဖြစ်လာပါလဲ။ ကျင်သန်တစ်ယောက်စဖြစ်လာပုံကို ရှင်းပြပေးပါ။
 
ဖြေ- ကျွန်တော်တို့ကတော့ ကျင်သန်တစ်ယောက်ဖြစ်လာတာ မိရိုးဖလာလည်းပါတာပေါ့။ ကျွန်တော့် အဖေဆိုရင်လည်း ကျင်သန်တစ်ဦးပါ။ မိဘတွေဆီက ဆင်းသက်လာတဲ့ အမွေအနှစ်တွေပါ။ကျွန်တော်ရဲ့ ကာယဗလကတော့ နည်းပညာရယ်လို့မဟုတ်ပါ။ လုပ်သင့်လုပ်ထိုက်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေတော့ လုပ်တာပေါ့။ ဒိုက်ထိုးတယ်၊ ထိုင်ထလုပ်တယ်ပေါ့။ နည်းစနစ်ကျကျ လေ့ကျင့်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဲဒီတုန်းက ခုခေတ်လို မတိုးတက်ဘူးပေါ့။

မေး-ကျင်သန်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
 
ဖြေ- ကျွန်တော်တို့ကျင်သန်တစ်ယောက်ဖြစ်ဖို့အတွက် မိမိရဲ့အလုပ်အကိုင်တွေကို လျော့ရပါတယ်။ ကာယလေ့ကျင့် ခန်းတွေလုပ်ဖို့က သိပ်အရေးကြီးပါတယ်။ကျွန်တော်တို့က လယ်လုပ်တာဆိုတော့ လယ်မလုပ်ဘဲ အနားယူနေရ တာတွေလည်းရှိပါတယ်။ ဒီလိုမှမဟုတ်ဘဲ လယ်ထွန်တဲ့ အလုပ်ကြမ်းတွေ လုပ်နေရင် ကျင်သန်အလုပ်ကို လုပ်ဖို့မဖြစ်နိုင်ပါဘူး။

မေး- အခု ရခိုုင်ပြည်မှာ ရိုးရာကျင်ပွဲတွေ အများကြီးလုပ်နေတာတွေ့ရပါတယ်။ လက်ရှိ ရခိုင်ကျင်ရဲ့ အခြေအနေတွေအပေါ် ကျင်သန်ကြီးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
 
ဖြေ- ကောင်းပါတယ်။ ခုကတော့ လွယ်ပါတယ်။ ပွဲကလည်းများပါတယ်။ ပွဲများတဲ့အတွက် ကျင်သန်တွေက ကျွန်တော်တို့တုန််းကလို ရွာထဲမှာလေ့လာနေဖို့မလိုပါဘူး။ ပွဲတွေမှာ လိုက်ကိုင်ရင်းနဲ့ လေ့လာလို့ရတဲ့
သဘောပေါ့။ ကျင်ပွဲတွေက တစ်ပွဲပြီး တစ်ပွဲပေါ့။ ကျွန်တော်တို့ ဒီဇင်ဘာလလောက်ဆိုရင် ကျင်စကိုင်လို့ရပါပြီ။ ဒီဇင်ဘာမှာဆို ရခိုင်ပြည်နယ်မှာ ပွဲတွေရှိတယ်။ ပြည်နယ်ပွဲပြီးရင် ဘုရားပွဲတွေ၊ ခုချိန်ဆိုရင် စေတီပွဲတွေ ဦးရာဇ်တောင်စေတီ နောက်ပြီး စမြံုတော်ဓာတ် စတဲ့ ပွဲတွေမှာ ရခိုင်လူမျိုးတွေဟာ ကျင်ပွဲတွေကိုကျင်းပလာလို့ ကျင်ပွဲတွေမှာ အများအပြားပါဝင်နိုင်တဲ့အတွက် ပွဲတွေလိုက်ကိုင်ရင်း လေ့ကျင့်နိုင်တဲ့ သဘော ဖြစ်နေပါတယ်။ နိစ္စဓူဝ ဆိုသလို ဖြစ်နေပါတယ်။ တစ်ပွဲနဲ့တစ်ပွဲ သိပ်မကွာပါဘူး။

မေး- ရခိုင်ရိုးရာကျင် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုလုပ်ရင်ဖြစ်မယ်လို့ မျှော်လင့်ပါသလဲ။ ဘယ်လို အကြံပြုချင်ပါသလဲ။
 
ဖြေ- ကျွန်တော်မြင်တာကတော့ ကျင်သန်တွေဟာ အလုပ်အကိုင်တွေကိုလျော့ပြီး အားကစားပညာတွေကို လေ့ကျင့်ဖို့လိုပါတယ်။Training ဆင်းဖို့လိုပါတယ်။Training မရှိဘဲ ရိုးရာတစ်ခုအနေနဲ့ ကိုင်ချင်သလို
ကိုင်နေကြရင် ပွဲရောက်တဲ့အချိန်မှာ သိပါတယ်။ အမောမခံနိုင် အပင်ပန်းမခံနိုင်တာတွေဖြစ်လာပါတယ်။ အဲ့ဒီလိုတွေမဖြစ်အောင် Training ဆင်ပြီးလေ့ကျင့်တာကပိုကောင်းပါတယ်။
မေး- ခုချိန်မှာ ရခိုင်လူထုက ရခိုင်ရိုးရာကျင်ကို နေရာတိုင်းမှာ တော်တော်အားပေးလာကြတာတွေ့ရတယ်။ အဲဒီအပေါ်မှာဘယ်လိုမြင်ပါသလဲ။
 
ဖြေ- ကျွန်တော်တို့ ရခိုင်လူမျိုးတွေအတိုင်းအတာနဲ့ဆိုရင် ရိုးရာကျင်အသိတွေ နည်းနေသေးတယ်လို့ ပြောချင်ပါတယ်။ ရခိုင်လူမျိုးတစ်ယောက်အနေနဲ့ ရိုးရာကျင်ဆိုတာဘာလဲ ၊ ရိုးရာကျင်ပညာရဲ့ စည်းကမ်းတွေက ဘာရှိလဲဆိုတာတွေကို အသိနည်းကြပါသေးတယ်။ကျင်မှာက နည်းစနစ်တွေ အများကြီး ရှိပါတယ်။ အဲဒီနည်းစနစ်တွေကို တစ်ချို့က မသိကြတဲ့အတွက် ကျင်သန်တွေကို အထင်အမြင်လွဲတာတွေ ရှိပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ကျင်သန်တွေက ပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် ညှိပြီးဆုယူတယ်ဆိုတဲ့ အမြင်တွေရှိပါတယ်။ ပွဲကြည့်ပရိသတ်က ဒါတွေကို နားလည်ဖို့လိုပါတယ်။ဒါတွေက အားနည်းချက်တွေပါ။ ဘာဖြစ်လဲဆိုတော့ ရိုးရာကျင်ပညာတွေနဲ့ ပါတ်သတ်တဲ့ စာအုပ်တွေထွက်လာတယ်ဆိုရင် အဲ့ဒီစာအုပ်တွေကို ဖတ်ရတယ်ဆိုရင် အများကြီးနားလည်လာကြမှာ ဖြစ်ပါတယ်။
မေး- ရခိုင်ကျင်ပညာမှာ အရေးကြီးတဲ့ စည်းကမ်းချက်တွေကို ပြောပြပေးပါ။
 
ဖြေ- ကျွန်တော်တို့ကျင်ပညာအတိုင်းအတာအရဆိုရင် ဥပမာ ပြိုင်ဘက် လက်ကာပြရှိရင် နောက်ထပ် မကိုင်ရတော့ပါဘူး။ ကျင်ကိုင်တဲ့အခါ ခေါင်းပန်းလှန်ရပါတယ်။ အဖမ်းကို လိုလို့ ခေါင်းပန်းလှန်ယူရပါတယ်။ ခေါင်းပန်းလှန်လိုက်တဲ့အခါ ဥပမာ ပန်းကျတဲ့သူက  အဖမ်းဆို အဖမ်းပေါ့။ အဖမ်းကို နှစ်ကြိမ်ဆို နှစ်ကြိမ်၊ နှစ်ခေါက်ဆို နှစ်ခေါက်ပေါ့။ တစ်ချို့ကျင်ဒိုင်တွေက အဲ့ဒါတွေကို နားမလည်ဘဲ တစ်ဘက်ကျင်သန်ဟာ ကိုယ့်နယ်သား ကိုယ့်ရွာသားဆိုပြီး လုပ်လိုက်တဲ့အတွက် ကျင်သန်တွေ နစ်နာတာရှိပါတယ်။ ကိုယ့်ကာယ ဉာဏအားနဲ့ လုပ်မယ့်အတိုင်းအတာကို မလုပ်လိုက်ရဘဲ ကျင်သန်တွေဆီမှာ မရှုံးဘဲ ကျင်ဒိုင်တွေဆီမှာ ရှုံးတာတွေ အများကြီးရှိပါတယ်။ စစ်တွေက ပွဲတွေမှာ များသောအားဖြင့် ကြံုရပါတယ်။

မေး- ကျင်ပညာနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေရှိပါသလား။ အဲဒီစာအုပ်စာတမ်းတွေကိုကော ပြုစုရေးသားထုတ်ဝေဖို့ အစီအစဉ်တွေရှိပါသလား။ သိချင်ပါတယ်။
 
ဖြေ- ကျွန်တော်တို့ လုပ်ဖို့အစီအစဉ်ရှိပါတယ်။လေ့လာနေပါတယ်။ကျွန်တော်တို့က နည်းပညာတွေကိုရှာပြီး
ရေးတတ်ခြစ်တတ် ပုဂ္ဂိုလ်တွေနဲ့လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ခုလည်းထွက်ထားတာတွေရှိပါတယ်။
ကျင်စည်းကမ်းဆိုတာလည်း ထွက်လို့ရှိတယ်။ ပြီးတော့ ကျင်ကွင်းနည်း အစခပ်သိမ်းပါ။

မေး- ရခိုင်ရိုးရာကျင်ပညာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားတွေ၊ ရခိုင်လူမျိုးတွေကို ဘယ်လိုအမှာစကား ပြောချင်ပါလဲ။

ဖြေ- ပြောချင်တာကတော့ ကျင်ကိုင်ခြင်းဟာ မိရိုးဖလာ ရိုးရာဖြစ်တဲ့အတွက် ပျောက်ပျက်မသွားစေချင်ပါ။ အဲ့ဒါကြောင့် စည်းကမ်းမူ တစ်ခုတည်းဆွဲပြီးတော့ လိုက်နာဖို့လိုပါတယ်။ ခုဘယ်လိုဖြစ်နေလဲဆိုတော့ ရခိုင်ပြည်နယ် (၁၇) မြို့နယ်မှာ စည်းကမ်း တစ်ယောက်တစ်မျိုးစီဖြစ်နေပါတယ်။ စည်းမျဉ်းစည်းကမ်း တစ်ခုတည်းလိုအပ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ လက်လိမ်ပြီး မပစ်ရ၊ ခေါင်းချိုးခြေလိမ်စတဲ့ အလွန်တရာ နာကျင်စေမယ့် အစိတ်အပိုင်းတွေကို မဆွဲကိုင်ရ စတဲ့စည်းကမ်းတွေကို တိတိကျကျ သတ်မှတ် ထားဖို့ လိုပါတယ်။ ခုတော့ ပုဏ္ဏားကျွန်းမှာတစ်မျိုး၊ ကျောက်တော်မှာတစ်မျိုး၊ မင်းပြားမှာတစ်မျိုး၊ ပေါက်တောမှာ တစ်မျိုး ဖြစ်နေတဲ့အတွက် ကျင်သန်တွေ ကျင်ပွဲတွေမှာ လိုက်ပြီးလုပ်ရတာ အခက်အခဲတွေ အများကြီး ရှိလာပါတယ်။ ဒါကြောင့် ရိုးရာ မပျက်ရအောင် အတွက်ဆို ကျွန်တော်တို့မှာ စည်းကမ်း တစ်ခုတည်း လိုပါတယ်။ ကျင်ပစ်တဲ့အခါမှာတော့ အမျိုးမျိုးရှိပါတယ်။ အိပ်လို့ပစ်ခြင်း၊ လက်ထောက်လို့ပစ်ခြင်း၊ ကျွမ်းထိုးပြီး ပစ်ခြင်း၊ လည်ကုတ်ကို လက်နှစ်ဘက်နဲ့  ညစ်ပြီး တအား နာကျင်အောင်လုပ်ခြင်းတွေဟာ အလွန်တရာ နာကျင်စေတဲ့ နည်းတွေ ဖြစ်တဲ့ အတွက်  ကျွန်တော်တို့ ပုဏ္ဏာကျွန်းမြို့နယ် အတိုင်းအတာအရဆိုရင် ခွင့်မပြုပါ။ ဒါပေမယ့် ပေါက်တော၊ မင်းပြား၊ မြေပုံတွေမှာကျတော့ လိမ်လို့ပစ်ပြီးမှ ကျင်ခြင်းပေါ်လွင်တယ်ဆိုပြီး ထည့်ထားတာ ရှိပါတယ်။ စည်းကမ်းတစ်ခုတည်းသာရှိရင် ရိုးရာကျင်ကို ထိန်းသိမ်းလို့ရမယ်လို့ ထင်မြင်ပါတယ်။
(ပြီး)

Most read this week