ကရာတေး ဆရာကြီး ဦးထွန်းရွှေမောင် ကွယ်လွန်

ကရာတေး ဆရာကြီး ဦးထွန်းရွှေမောင် ကွယ်လွန်
by -
နိရဥ္စရာ

အမျိုးဘာသာ သာသနာ အကျိုးကို သယ်ပိုး ဆောင်ရွက်ခဲ့သူ ကရာတေး ဆရာကြီး ဦးထွန်းရွှေမောင်သည် ယနေ့ နံနက် ၂ နာရီ ၃၃ မိနစ်တွင် ရန်ကုန်မြို့တွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သတင်း ရရှိသည်။

Tun-Shwe-Maung

“ ကွယ်လွန်တဲ့ အချိန်မှာ အသက် ၆၅ နှစ်ရှိပါပြီ။ အသဲကင်ဆာနဲ့ ကွယ်လွန်တာပါ။ ရန်ကုန် ဗဟိုစည် ဆေးရုံမှာ ကွယ်လွန် အနိစ္စရောက်သွားခဲ့တာ ဖြစ်ပါတယ်” ဟု စစ်တွေ နေအိမ်မှ ကိုသန့်စင်ဦးက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ဦးထွန်းရွှေမောင်သည် ရခိုင်ပြည်နယ် တွင် ယူနိုက်တက် ကာရာတေး အသင်းကို စတင် တည်ထောင်ခဲ့သည်။ သူသည် ကရာတေး ပညာကို ရခိုင်တွင် စတင် ဖြန့်ဖြူးခဲ့သူ ဖြစ်ပြီး သူ့တတ်ထားသော ပညာကို နှစ်ပေါင်း ၄၀ သင်ကြားပို့ချပေးခဲ့သည်။  ၎င်းပြင် ရခိုင်လူငယ်များ အနေဖြင့် အမျိုးချစ်စိတ် ရှင်သန် မြင့်မားရေး၊ လူငယ်များ အကြား ညီညွှတ်ရေး၊  ကိုယ်ကျင့် စာရိတ္တများ ကောင်းမွန်ရေးတို့ အတွက်  နည်းပေးလမ်းပြ သင်ကြားခဲ့ သူတစ်ဦးဖြစ်သည်။

“ ဆရာကြီး ဦးထွန်းရွှေမောင်က သူတတ်ထားတဲ့ ကရာတေး ပညာကို ရခိုင် လူငယ်တွေကို နှစ်ပေါင်းများစွာ ပို့ချပေးခဲ့ပါတယ်။ အမျိုးဘာသာ အတွက်လည်း တတ်နိုင်တဲ့ဘက်က လုပ်ဆောင် ပေးခဲ့တာတွေ ရှိပါတယ်။ ဆရာကြီးဟာ အလွန်သနားကြင်နာတတ်ပြီး လူတဘက်သားကိုလည်း ခင်မင် လေးစားတတ်သူ တစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးကွယ်လွန်သွားတာ ဆုံးရှံုးမူကြီး တစ်ရပ်လို့ ခံစားမိပါတယ်” ဟု ကိုသန့်စင်ဦးက ပြောသည်။

ဆရာကြီးတွင် ဇနီးနှင့် သားတစ်ဦး၊ သမီး တစ်ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။

ဆရာကြီး ဦးထွန်းရွှေမောင် အလောင်းအား စစ်တွေသို့ မယူဆောင်လာဘဲ ရန်ကုန်မြို့ရေဝေး သုသာန်တွင် သဂြိင်္ုလ်မည်ဟု သိရသည်။

Most read this week