ဖမ်းဆီး စစ်ဆေးမည့် သတင်းကြောင့် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ

ဖမ်းဆီး စစ်ဆေးမည့် သတင်းကြောင့် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအနက် မင်းပြားမြို့ ပဋိပက္ခအတွင်း ပါ၀င်ခဲ့သည်ဟု ယူဆရသည့် ရခိုင်အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲတာဝန်ရှိသူ တစ်ဦးမှ ထုုတ်ဖေါ် ပြောဆိုထားသဖြင့် စာရင်းပါ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားတွင် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မူ နှင့် ပတ်သက်ပြီး လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးမည်ဟု ရဲမှူး ဦးကျော်အောင်မှ ထုတ်ဖေါ်ပြောဆိုထားကြောင်း မင်းပြားမြို့မှ လူမူရေး လှုပ်ရှားနေသူ တစ်ဦးက ပြောသည်။

“ဟုတ်ပါတယ်။ ရဲမှူး ဦးကျော်အောင်က မင်းပြား ဓမ္မာရုံမှာဖွဲ့စည်းထားတဲ့ မင်းပြား မြို့နယ် လူမူရေး ကူညီရေး အဖွဲ့ဝင်တွေနဲ့ တခြားသူတွေကို ဖမ်းဆီး စစ်ဆေးမယ်ဆိုပြီး ပြောဆိုတဲ့ အတွက် အခု လူတွေက ထွက်ပြေး တိမ်းရှောင်နေကြပါတယ်” ဟု ပြောသည်။

ရဲက ဖမ်းဆီးစစ်ဆေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက် မင်းပြား ဒေသခံများသည် ရန်ကုန်မြို့သို့ ထွက်ခွာသွားသူများ ရှိသလို တချို့မှာ နီးစပ်ရာ နေရာများတွင် တိမ်းရှောင် ပုန်းအောင်းနေကြသည်ဟု ဆိုသည်။

“အခုအချိန်ထိ ဖမ်းဆီးတာတွေတော့ မရှှိသေးပါဘူး။ ဒါပေမယ့်လည်း လူတွေက ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့ အတွက် ရန်ကုန်နဲ့ ဗမာပြည်ဘက်ကို ထွက်ခွာသွားတဲ့ သူတွေရှိသလို တချို့လည်း အဖမ်းခံရမှာကို စိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

မင်းပြားမြို့ပေါ် ရပ်ကွက်များတွင် စစ်တပ်က လုံခြံုရေး ယူထား၍ အခြေအနေ အနည်းငယ် တည်ငြိမ်မူ  ရှိသော်လည်း ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဒေသခံ ရခိုင်များအနေဖြင့် စိုးရိမ်နေကြသည်ဟု ဆိုသည်။

Most read this week