မုန်တိုင်း သတိပေးမူ စစ်ဘက် အတွက် ပြုလုပ်၊ အရပ်ဘက် အတွက် မပါ၀င်

မုန်တိုင်း သတိပေးမူ စစ်ဘက် အတွက် ပြုလုပ်၊ အရပ်ဘက် အတွက် မပါ၀င်
by -
မောင်အေး

အစိုးရ အာဏာပိုင်များက ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများ အတွက် မုုန်တိုင်း သတိပေးချက် ထုတ်ပြန်ထား သော်လည်း အရပ်ဘက်အတွက်ထုတ်ပြန်ထား ခြင်း တစ်စုံတရာ မရှိကြောင်း သိရသည်။

Cyclone-Giri-Arakan-coastမြန်မာ အစိုးရ အာဏာပိုင်များက ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်း တလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများကို မုန်းတိုင်းသတိပေးညွန်းကြားချက် ထုတ်ပြန်ထား ခဲ့သော်လည်း အရပ်ဘက်ဆိုင်ရာကို တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသအတွင်းကလာသော သတင်များက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်မြကျော်က "စစ်တွေမှာ မိုးတော့ ရွာနေတယ်။ မနေ့က လေပြင်း တိုက်ခတ်တာတွေ တော့ ရှိပါတယ်။ အခုအချိန်ထိတော့ မုန်တိုင်း သတိပေးထားတာတော့ မရှိသေးဘူး" ဟု ပြောသည်။

တခြား လူငယ် တစ်ဦးကလည်း " မိုးတော့ ရွာနေပါတယ်။ မုန်တိုင်းတိုက်မယ့် သတင်းတော့ မရသေးပါဘူး။ အစိုးရက သတင်းထုတ်ပြန်တာတွေလည်း စစ်တွေ မရှိသေးဘူး။ ဂီရိတုန်းကတော့ မုန်းတိုင်း မတိုက်မှီ အသံချဲ့စက်နဲ့ အော်ပါတယ်။ ခုတော့ မရှိသေးပါဘူး" ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ စစ်တွေနှင့် မင်းပြားမြို့နယ်များတွင် မိုးသက် လေပြင်းများ ယနေ့နံနက်မှ စတင်ကျရောက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

မိုးလေဝါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင်က မုန်းတိုင်း အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက ဒီနေ့ ညနေပိုင်းကနေ နောက်နေ့ မနက်အတွင်း ဖြတ်သန်းနိုင်ပါတယ်။ အခု အချိန်ထိတော့ မုန်တိုင်းငယ် အဆင့်မှာဘဲ ရှိပါသေးတယ်။ တစ်နာရီ မိုင် (၄၅) နုန်းပေါ့။ တခါတလေ တနာရီ ၅၀ လောက် တိုက် ခတ်နိုင်ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလာဒေချ့်ကိုဖြတ်သန်းနိုင် ပါတယ်။ ပင်လယ်ပြင်မှာ လိုုင်းကြီးနိုင်တယ်။ ရေတော့ မတက်နိုင်ဘူး။ ဒါပေမယ့် ဒီထက် အားကောင်း လာရင်တော့ အခြေအနေ ဆိုးနိုင်ပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘာဖြစ်လာမလဲဆိုတာ Update သတိထား စောင့်ကြည့်ဖို့ လိုပါတယ်" ဟု ပြောသည်။

ယခု မုန်တိုင်းမှာ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာသဖြင့် လောလောဆယ်တွင် ပင်လယ်ပြင်ကို မထွက်ရန်နှင့် ကုန်းပေါ်တွင်နေထိုင်ကြရန် လိုကြောင်း ဦးထွန်းလွှင်က ပြောသည်။

" သိသိသာသာကို မြန်ဘက်ကို ကပ်လာတယ်။ အရင်ကတော့ မုန်တိုင်းက လောင်ဒီကျူဒ် ၈၉ ကနေ ခု လောင်ဒီကျူဒ် ၉၈ ထိ ရောက်လာပြီးတော့ အရှေ့ဘက်ကို ရွှေ့လာတယ်။ အားလုံး ယေဘူယျ ပြောရင် ရခိုင်မြောက်နဲ့ ဘင်္ဂလာဒေချ့် အစပ်ပေါ့။ အတိအကျ ပြောရင် ကျွန်တော်တို့ဘက်က မောင်တော၊ သူတို့ဘက်ကတော့ ကော့ဘဇားပေါ့။ အဲဒီနေရာက မုန်းတိုင်း ဗဟိုချက် ဖြစ်နိုင်ပါတယ်" ဟု သူက ပြောသည်။

မိုးလေဝါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင် အင်တာနက် ဆိုက်တွင်လည်း ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင်း ဘင်္ဂလားဒေ့ချ်နိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်မည်ဟု ဖော်ပြထားသည်။

Most read this week