မြောက်ဦးမြို့ ရေမြုပ်၍ မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့

မြောက်ဦးမြို့ ရေမြုပ်၍ မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့
by -
နိရဥ္စရာ သတင်းဌာန

မြောက်ဦးမြို့တွင် မိုးအဆက် မပြတ် ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှမိသားစု များကို ဘေးလွှတ်ရာသို့ပြောင်းရွှေ့နေကြရသည် ဟု သတင်း ရရှိသည်။

ဒေသခံ လူငယ် တစ်ဦးက "ရပ်ကွက်တိုင်းလိုလို ရေမြုပ်နေပါတယ်။ အခု ရပ်ကွက်တိုင်းက မြေနိမ့်တဲ့ နေရာက မိသားစုတွေကို စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ ဘေးလွှတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်" ဟု ပြောသည်။

flooding-Arakan
လွန်ခဲ့သော ခုနှစ်ရက်ခန့်က စပြီး မိုးအဆက် မပြတ်ရွာသွန်းနေသဖြင့် ကုန်းမြင့်ပိုင်း တောင်ရပ်ထိရေတက်လာ ခဲ့သည်ဟု သိရသည်။ ဆန်စျီး (စျေး) ၊ အလယ်စျီး (စျေး) ၊ ဆန်ချဆိပ်၊ ကြက်စျီး (စျေး) လက်ကောက်စျီး (စျေး) ရှိ မြေနိမ့်ပိုင်း အိမ်များ အားလုံးမှာ ရေမြုပ်နေကြောင်း သူက ပြောသည်။

" အခု ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ လူတွေကတော့ မိသားစုလိုက် ပြောင်းရွှေ့ရတာက တစ်မျိုး၊ နောက်တစ်ခါ စပါးတွေကို ကုန်းမြှင့်တဲ့ နေရာကို ပြောင်းရတာက တမျိုးနဲ့ တော်တော်ကိုအလုပ်ရှုပ် နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

၎င်းပြင် စပါးများကို ပြောင်းရွှေ့ရန်အတွက် အလုပ်သမားများ ဌားရမ်း၍ မရသဖြင့်မိသားစုတိုင်းလိုလို ကိုယ့်စပါး ကို ကိုယ်တိုင် ရွှေ့နေကြရသည်ဟု အလယ်စျီးမှ လူကြီး တဦးက ပြောသည်။

" မိုးက နောက်ထပ် ဆက်ရွာရင် အခြေအနေက ဒီထက် ပိုဆိုးနိုင်ပါတယ်။ အခုတောင်မှ ကျွန်တော်တို့ ရပ်ကွက်ထဲက မြေနိမ့်ပိုင်းက အိမ်တွေ အကုုန်လုံးနစ်နေပြီ။ သိုလှောင်ထားတဲ့ စပါးတွေလည်း ကိုယ်ဟာကိုယ် စွတ်တာစွတ် စိုတာစိုနဲ့ ဘေးလွတ်ရာကို ရွှေ့နေကြတယ်။ ဒုက္ခတော့ ရောက်နေကြပါပြီ" ဟု ပြောသည်။

ရေမှာ ကျသွားခြင်း မရှိဘဲ တဖြည်းဖြည်း တက်လာနေသဖြင့် လူအများက ပိုပြီး ရေတက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ယခုအချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ကျောက်တော်မြို့တွင် ၁၀ ဒသမ ၁၂ လက်မ၊ မြောက်ဦးမြို့တွင် ၉ ဒသမ ၃၇ လက်မ၊ မောင်တောမြို့တွင် ၄ ဒသမ ၆၁ လက်မ၊ စစ်တွေမြို့တွင် ၄ ဒသမ ၀၆ လက်မ၊ သံတွဲမြို့တွင် ၃ ဒသမ ၉၃ လက်မနှင့် ဂွမြို့တွင် ၃ ဒသမ ၈၆ လက်မ တို့ ရွာသန်းခဲ့ကြောင်း အစိုးရပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။

ကျောက်တော်မြို့တွင် ရွာသွန်းသော မိုးရေချိန် ၁၀ ဒသမ ၁၂ လက်မ သည် ၂၄ နှစ်အတွင်း စံချိန်သစ်ဖြစ်ပြီး မြောက်ဦးမြို့တွင် ရွာသွန်းသော ၉ ဒသမ ၃၇ လက်မ မိုးရေချိန်သည် ၃၃ နှစ်အတွင်း စံချိန်သစ်ဖြစ်သည်။

Most read this week