အစိုးရသစ် လက်အောက် အကောက်ဂိတ်များ ကုလားတန်မြစ်ကြောင်းတွင် သောင်းကျန်းနေ

အစိုးရသစ် လက်အောက် အကောက်ဂိတ်များ ကုလားတန်မြစ်ကြောင်းတွင် သောင်းကျန်းနေ
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်း မြန်မာနှင့် အိန္ဒိယ အကြား ကုန်သွယ်ရာ ကုလားတန် မြစ်ကြောင်း တလျှောက်တွင် ဒေသ အစိုးရ အာဏာပိုင်များက ဖွင့်လှစ်ထားသော အကောက်ဂိတ် များကြောင့် ကုလားတန် မြစ်ကို မှီပြီး လုပ်ကိုင် စားသောက်နေကြသော ပြည်သူများ အထူး ဒုက္ခ ရောက်လျှက် ရှိကြောင်း သိရသည်။

ကျောက်တော်- ပလက်ဝနှင့် အိန္ဒိယ နယ်စပ် တရောက်ထိ ကုလားတန် ဖြစ်ကြောင်း တလျှောက်တွင်အာဏာပိုင် များက ဖွင့်လှစ်ထားသော အကောက်ဂိတ်ပေါင်း အနည်းဆုံး ၂၀ ခုရှိပြီး အဆိုပါ အကောက်ဂိတ် များကတရား မဝင် ကုန်ပစ္စည်းများသာမက တရားဝင် ကုန်ပစ္စည်းများကိုပါ အကောက် ကောက်ခံနေကြောင်း သိရသည်။
Arakan-Kaladan-River

" ပါ၀င်ပတ်သက်နေတဲ့ ဌာနတွေကတော့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေ အကုန်လုံးပါဘဲ ခင်ဗျား။ စစ်တပ်၊ ရဲ၊ သစ်တော၊ တခြား မြို့နယ် အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါ၀င် ပတ်သက် နေပါတယ်။ကျောက် တော်ကနေ ပလက်ဝ၊ အဲဒီက တဆင့် အိန္ဒိယ နယ်စပ် တရောက်ထိ ရေလမ်း ခရီးတလျှောက်မှာဖွင့်လှစ်ထား တာ ဖြစ်ပါတယ်" ဟု ကုလားတန် မြစ်ကြောင်းအတိုင်း စုန်ဆန် သွားလာ နေသော စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။

ကုလားတန် မြစ်ကြောင်း တလျှောက် ဖွင့်လှစ်ထားသော အကောက်ဂိတ်များကို သူ မှတ်မိသလောက် သူက ယခုကဲ့သို့ ပြောသည်။

" ကျောက်တော်မြို့ကနေ နယ်စပ်အထိ ၂၀ ခုရှိတဲ့ အထဲမှာ ကျောက်တော်မြို့ဆိုရင် ကျောက်တော် မြို့မဂိတ် ဖြစ်ပါတယ်။ အဲဒီမြို့မဂိတ်မှာဆိုရင် ရဲ၊ SP၊ ဆိပ်ကမ်းရဲ (ရေယာဉ်)၊ စရဖ၊ မယက (အခု မြို့နယ် အုပ်ချုပ်ရေး အဖွဲ့) ဌာနပေါင်းစုံ ပါ၀င်ပါတယ်။ နောက်တခါ စကခ ၉ က ဖွင့်ထားတဲ့ ရွှေပြည် ကျေးရွာ အကောက်ဂိတ်၊ တင်းမကျေးရွာ ဖွင့်လှစ်ထားတဲ့ တင်းမ ရဲစခန်း အကောက်ဂိတ်၊ ပီဟုမ်း အကောက်ဂိတ်၊ မီးဝနဲ့ တဖက် တကမ်းမှာ ကျောက်တော်မြို့ နယ်အဆုံးနားမှာ ဖွင့်ထားတဲ့ ဂိတ်၊ အကောက်ဂိတ်တွေကတော့ အများကြီးပါဘဲ" ဟုသူက ပြောသည်။

ပလက်ဝမြို့ နယ်အတွင်းရှိ ကုလားတန် မြစ်ကြောင်း တလျှောက်ဖွင့်လှစ်ထားသော အကောက်ဂိတ် များမှာ ဒလက်မေ ဂိတ်၊ ငတက် အကောက်ဂိတ် ၊ နှုံးဗူး အကောက်ဂိတ်၊ တောင်ပြို အကောက်ဂိတ်၊ တုန်းမောင်းဝ အကောက်ဂိတ်၊ တရွန်အိုင် အကောက်ဂိတ် ၊ တရွန်အိုင်နှင့်ချင်းလက်ဝ ကြားမှာ စစ်တပ်လှုပ်ရှားစစ်ကြောင်းများ က ဖွင့်လှစ်ထားသော အကောက်ဂိတ်များ ဖြစ်ကြသည်။

" သူတို့ ဘယ်လို ကောက်တယ်ဆိုရင် ရခိုင်ကနေ အိန္ဒိယကို ယူတဲ့ ၀က်တကောင်ကို ဂိတ်တိုင်းက ၅၀၀ ကျပ် ကောက်ယူပါတယ်၊ ပိဿာ ၂၅ ပိဿာ ရှိတဲ့ ဒေသအခေါ် ငပိ တကိုင် ဆိုရင် ၅၀၀ ကျပ် ကောက်ပါတယ်။ ငါးခြောက်အိတ်ကတော့ အကြီးအငယ်အလိုက် တအိတ်ကို ကျပ် ၅၀၀ ကနေ ၁၀၀၀ ကျပ်ထိ ကောက်ပါတယ်။ အကောက်ဂိတိတွေက ကောက်တာ အားလုံးကို ပေါင်းလိုက်ရင် ၀က်တကောင် ကျောက်တော်က အိန္ဒိယနယ်စပ် ထိ ရောက်ဖို့ ကျပ် ရ၀၀၀၀ မှ ၈၀၀၀၀ထိ ပေါက်ပါ တယ်။ တခြားကုန်တွေလည်း ဒီအတိုင်းဖြစ်ပါတယ်။ အိန္ဒိယကို ရောက်ရင် အမြတ်ကျန်ရုံဘဲ ကျန်ပါ တယ်။ ဒါကလည်း ၀က်အကောင်ကြီးတွေမှတွက်ခြေကိုက် တာပါ" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ အကောက်များသော်လည်း အိန္ဒိယနယ်စပ်တွင် ၀က်သားတစ်ကီလို ၂၅၀ ရူပီ စျေးရှိသဖြင့် အိန္ဒိယသို့ ၀က်တင်ပို့ရသည်မှာတွက်ခြေကိုက်ကြောင်းသူက ပြောဆိုသည်။

" ငွေလှဲနှုန်းမှာ အိန္ဒိယ တစ်ရူပီကို မြန်မာကျပ်ငွေ ၁၆ ကျပ်စျေးရှိတော့ မြန်မာဘက်က ကုန်တွေ အိန္ဒိယကို တင်ပို့ရတာ တွက်ခြေကိုက်ပါတယ်။ ၀က်ကတော့ အများကြီး တင်ပို့ပါတယ်" ဟု သူက ပြောသည်။

အိန္ဒိယနှင့် ရခိုင်ပြည်နယ် အကြားကုန်သွယ်ရာတွင် ရခိုင်ဘက်မှ ၀က်၊ ကြက်၊ ဆိတ်၊ ငပိ၊ ငါးခြောက်၊ ဆားနှင့် စိုက်ပျိုးသီးနှံများကို တင်ပို့ ကြပြီး အိန္ဒိယဘက်မှ အိမ်သုံးဆေးဝါး အမျိုးမျိုး၊ အပ်ခြုပ်စက်များ၊ကွမ်းစား ဆေးရွက်ကြီး၊ ကွမ်းယာမွှေးများ၊ ငရုပ်ကောင်းစေ့၊ ဂျင်းနှင့် အိန္ဒိယ နိုင်ငံထုတ် လူအသုံး အဆောင်ပစ္စည်းများ နှင့် အိုးခွက်များ းကို တင်သွင်းကြသည်ဟု သိရသည်။

Most read this week