မြန်မာ-ဘင်္ဂလာနယ်စပ်မှ ကျောက်တော်ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခု ဖေါက်လုပ်နေ

မြန်မာ-ဘင်္ဂလာနယ်စပ်မှ ကျောက်တော်ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခု ဖေါက်လုပ်နေ
by -
မင်းဆက်ခိုင်

မြန်မာ- ဘင်္ဂလာဒေ့ချ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာမှ ကျောက်တော်မြို့ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခုကို ...

မြန်မာ- ဘင်္ဂလာဒေ့ချ် နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာမှ ကျောက်တော်မြို့ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခုကို နအဖ စစ်တပ်မှ စတင် ဖေါက်လုပ်နေကြောင်း သတင်း ရရှိသည်။

ယခုဖေါက်လုပ်နေသော ကားလမ်းသစ်ကို မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ ဂုတ်ပီရွာ အထိ ဖေါက်လုပ်နေခြင်း ဖြစ်ပြီး ဂုတ်ပီမှ တဆင့် ဘူးသီးတောင်ထိ ဖေါက်လုပ်မည် ဖြစ်သည်။

ယခု ဖေါက်လုပ်နေသော ကြိမ်ချောင်းနှင့် ဂုတ်ပီ လမ်းမှာ မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား ဖေါက်လုပ်ရန် ရာတားထားသည့် ချစ်ကြည်ရေး လမ်းမပေါ်တွင် တည်ရှိသည်။

အဆိုပါ လမ်းသည် ဘင်္ဂလာဒေချ့်ဘက်မှ ကော့ဘဇားမှာ ဘင်္ဂလာဒေချ့် နယ်စပ်ကျေးရွာ တရွာ ဖြစ်သော ခေါင်းတုံံးထိ ဖေါက်လုပ်မည် ဖြစ်ပြီး ခေါင်းတုံးမှ နတ်မြစ်ကို ချစ်ကြည်ရေး တံတား တည်ဆောက် ဖြတ်ကျော်ကာ မြန်မာဘက်မှ တောင်ပြိုမြို့နှင့် ဆက်သွယ်မည် ဖြစ်သည်။

တောင်ပြိုမှ တဆင့် ကြိမ်ချောင်း၊ ကြိမ်ချောင်းမှ ဂုတ်ပီ၊ ဂုတ်ပီမှ ဘူးသီးတောင်ကို ဆက်သွယ်မည် ဖြစ်ပြီး ဘူးသီးတောင်မှ တဆင့် စစ်တွေ- ရန်ကုန် ကားလမ်း တည်ရှိရာ ကျောက်တော်အထိ ကားလမ်း ဖေါက်လုပ်မည် ဖြစ်သည်။

ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်ကိုလည်း လမ်းကြမ်းဖေါက်လုပ်နေပြီ ဖြစ်ပြီး အဆိုပါ လမ်းသည် စစ်တွေကို ရှောင်ကွင်းကာ မောင်တော အနောက်ဘက် နယ်စပ်မှ ရန်ကုန်ကို တိုက်ရိုက် ဆက်သွယ်နိုင်မည့် လမ်းကြောင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်တပ်မှ အဆိုပါ လမ်းကို ဖေါက်လုပ်နေသော်လည်း မည်သည့် အတွက်ကြောင့် ဖေါက်လုပ်ရသည်ကို လူသိ ရှင်ကြား တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြောင်း သိရသည်။

၎င်းကုတ်ပီလမ်းမှာ အင်္ဂလိပ်အစိုးရခေတ်ကတည်းက မေယုတောင်ကိုဖြတ်ပြီး ဖေါက်လုပ်ခဲ့သော တောင်ကြား လမ်း တခုဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို စစ်တပ်မှအရာရှိများ ဦးဆောင်လုပ်ကိုင်နေခြင်းကို တွေ့ရှိရကြောင်း ဒေသခံ ရယက တဦးက ပြောသည်။

“ ကုတ်ပီလမ်း အတိုင်း ဖေါက်လုပ်နေတာကိုတော့ တွေ့ရပါတယ်။ ဘာအတွက် လမ်းဖေါက် တာလဲဆိုတာ ကိုတော့ မပြောတတ်ပါဘူး။ ဒု-ဗိုလ်မှူးကြီး မြင့်ဦး ဦးစီးပြီး လုပ်နေတာ ဖြစ်ပါတယ်။”

ယခုအခါတွင် ကြိမ်ချောင်း ချောင်းကိုဖြတ်ပြီး အဆိုပါ လမ်းသစ်အတွက် တံတားတစင်း တည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပြုလုပ်နေကြကြောင်းသိရသည်။

ယခုဖေါက်လုပ်သောလမ်းမှာ ဘင်္ဂလာ-မြန်မာ-တရုတ် လမ်းမကြီး အတွက် ဖြစ်နိုင်ခြေရှိသော်လည်း တခြားကဏ္ဍများ အတွက် ဖြစ်နိုင်ခြေပိုများကြောင်း ဘင်္ဂလာနယ်စပ်တွင် နေထိုင်သူ ဦးသာသာမောင်က ပြောသည်။

“အာရှလမ်းမကြီးအတွက် စတင်ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားကဏ္ဍတွေ အသုံးပြုဖို့ အတွက် ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဥပမာ စစ်လမ်းကြောင်း ပဲဖြစ်ဖြစ်၊ တခြားစီမံကိန်း တခုခု ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ အတိအကျ ပြောဖို့တော့ စောသေးတယ်” ဟု ပြောသည်။

Most read this week