ရထားလမ်းကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ််များ ပျက်စီး ဆုံုးရှုံးနေမှုနှင့် ပတ်သက်၍ ရခိုင် အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်

ရထားလမ်းကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ််များ ပျက်စီး ဆုံုးရှုံးနေမှုနှင့် ပတ်သက်၍ ရခိုင် အဖွဲ့အစည်းများမှ သဘောထား ထုတ်ပြန်
by -
မောင်ရမ္မာ

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်နေသဖြင့် ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များ အကြီးအကျယ် ပျက်စီးနေရာ ရခိုင်သံဃာ့သမဂ္ဂနှင့် ရခိုင်ပြည် အမျိုးသား ...

ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်နေသဖြင့် ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များ အကြီးအကျယ် ပျက်စီးနေရာ ရခိုင်သံဃာ့သမဂ္ဂနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီက နိုဝင်္ဘာလ ၂၂ ရက်နေ့က ကျေညာချက် ထုတ်ပြန်ပြီး ရထားလမ်း ဖေါက်လုပ်နေခြင်းကို ကန့်ကွက် လိုက်ကြောင်း သိရသည်။

ရခိုင်သံဃာ့သမဂ္ဂမှ ကျေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ဥက္ကဌ ဆရာတော် ဦးသီဟက ယခုကဲ့သို့ မိန့် ကြားသည်။

“ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က လူမျိုးတမျိုးမှာ အဓိက စံသတ်မှတ်ချက်ဟာ အဲဒီ လူမျိုး တမျိုးရဲ့ ရှေ့ဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာတွေပေါ်မှာ မူတည်လို့ ရှိပါတယ်။ အဲဒီ လူမျိုး တမျိုးရဲ့ စံချိန် စံညွန်း ဟာလည်း အဲဒီလူမျိုး တမျိုးရဲ့ သမိုင်းနောက်ခံ အပေါ်မှာ အခြေ တည်နေတဲ့ အတွက်ကြောင့် အခု နအဖ စစ်အစိုးရက ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ လူသားတွေအတွက် အကျိုးပြုဖို့ ဆိုတာထက် ရှေးဟောင်း အမွေ အနှစ်တွေကို ပျက်စီးနေတယ်လို့ ဦးဇင်းတို့ မြင်တယ်။ ခံစားမိတယ်။ နောက်တချက်က ဘိုးတော်မောင်ဝိုင်း သိမ်းပြီးတဲ့ နောက်ပိုင်းက ပြောင်းလို့ ရတာတွေ ကို ပြောင်း၊ ယူလို့ရတာတွေကိုယူ၊ ယူလို့မရတာတွေကို မီးတိုက်ဖျက်ဆီးခဲ့တယ်။ အဲဒါတွေကို မကျေနပ်တဲ့ တိုင်အောင် ယနေ့ထိ ရခိုင်ယဉ်ကျေးမှုတွေကို ဖျက်ဆီးလာ တယ်။ ရခိုင် ယဉ်ကျေးမှု တွေကို ဗမာ ယဉ်ကျေးမှုပြုလာတယ်။ ဒီလိုဖျက်ဆီးလာတာတွေကို လက်ပိုက်ကြည့်မ နေနိုင်၊ ဒါကြောင့် ကန့်ကွက် ရတာဖြစ်ပါတယ်။”

ရခိုင်သံဃာ့သမဂ္ဂအနေဖြင့် အဆိုပါရှေ့ဟောင်းအမွေအနှစ်တွေဖျက်ဆီးနေမှုကို ရပ်တန့်စေရန် အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အပါအဝင် ရှေးဟောင်း သုတေသနအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများကို တိုင်ကြားရန် အစီ အစဉ်ကို မကြာခင် အကောင်အထည်ဖေါ် လုပ်ဆောင်မည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ နအဖ စစ်အစိုးရ၏ စစ်တွေ-အမ်း ရထားလမ်းပိုင်း ဖေါက်လုပ်နေရာတွင် ရှေးအဟောင်း အဆောက်အဦးများ ဖျက်ဆီးခံနေရခြင်းမှာ ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က ယခုကဲ့သို့ ပြောသည်။

“ရထားလမ်းဖေါက်လုပ်မှုဟာ ရခိုင်ပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတွေကို ကျော်လွှားဖို့ အတွက် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်အရ လုပ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ကန့်ကွက်စရာ တခုလည်း မရှိပါ။ အခုလက်ရှိမြင်နေရတာက ရခိုင် အမျိုးသားတွေ အပေါ်မှာ သွယ်ဝိုက်တဲ့နည်းနဲ့ ဖိနှိပ်မှုတွေကို ပိုပြီးလုပ်နေတယ်လို့ ယူဆတယ်။ ဒုတိယတချက်က ရန်ကုန် စစ်တွေကားလမ်းဖေါက်တဲ့အခါ တခါအတွေ့အကြံုရခဲ့ပြီ။ ရှေးဟောင်းသမိုင်း အမွေအနှစ် တွေကို ဖျက်ဆီးရုံသာမက ဒေသခံတွေ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခဲ့တယ်။ အဲဒါဟာ ကားလမ်း ဖေါက်တဲ့အခါ ရလိုက်တဲ့အတွေ့အကြံုပါ။ အခု အလားတူဘဲ မီးရထား လမ်းဖေါက်လုပ်တဲ့ အခါမှာလည်း မြောက်ဦးမြို့မှာဆိုရင် အားလုံးမြင်ကြတဲအတိုင်းဘဲ။ ဆုံးရှုံးပျက်စီးမှုတွေဟာ သိသိ သာသာ ဖြစ်နေပါတယ်။ ANC အနေနဲ့ သဘောထားရှိတာက အဲဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီး နေတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။

ယခုဖေါက်လုပ်နေသော ရထားလမ်းနှင့် ယခင် ရန်ကုန်-စစ်တွေ ကားလမ်း ဖေါက်လုပ်စဉ်ကလည်း ဓညဝတီ မြို့တော်ဟောင်းနှင့်် ဝေသာလီ မြို့တော်ဟောင်းများကို ဖြတ်ပြီး ဖေါက်လုပ်ခဲ့သဖြင့် သမိုင်းဝင် အဆောက်အဦးများစွာ ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

ယခု ဖေါက်လုပ်နေသော စစ်တွေ-အမ်း- မင်းဘူးရထားလမ်းမှာ ၁၅၇ မိုင်ရှည်လျားပြီး နအဖ စစ်အစိုးရမှ ၁၀ နှစ်စီမံကိန်းဖြင့် ဖောက်လုပ်နေသော ရထားလမ်းဖြစ်သည်။

Most read this week