မြေပုံမြို့နယ်တွင် စစ်တပ် ခွင့်ပြုချက် မရဘဲ ပစ္စည်းများ လှူဒါန်းခွင့် မရ

မြေပုံမြို့နယ်တွင် စစ်တပ် ခွင့်ပြုချက် မရဘဲ ပစ္စည်းများ လှူဒါန်းခွင့် မရ
by -
ထွန်းထွန်း

ဂီရိ ဆိုင်ကလုန် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်မှ ဒေသတချို့သို့ သွားရောက် အကူအညီ ပေးနေကြသော မြို့နယ် အသီးသီးမှ အလှူရှင် အဖွဲ့အစည်းများမှာ ယခုအခါ ဒေသခံအာဏာပိုင်များမှ ခွင့်ပြုချက်ရမှသာ ပစ္စည်းများ လှူဒါန်းခွင့်ရ...

ဂီရိ ဆိုင်ကလုန် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ရခိုင်မှ ဒေသတချို့သို့ သွားရောက် အကူအညီ ပေးနေကြသော မြို့နယ် အသီးသီးမှ အလှူရှင် အဖွဲ့အစည်းများမှာ ယခုအခါ ဒေသခံအာဏာပိုင်များမှ ခွင့်ပြုချက်ရမှသာ ပစ္စည်းများ လှူဒါန်းခွင့် ရကြောင်း သိရသည်။

Cyclone-giri-Mra-Bon-Arakan-Burmaကျောက်ဖြူ လင်းရောင်ခြည် အဖွဲ့မှ လူငယ်ခေါင်းဆောင် တဦးက ယခုကဲ့သို့ ပြောသည်။

“တကယ်ဆိုတော့ ဒီလောက်ကံဆိုး မိုးမှောင် ကျနေတဲ့ အချိန်မှာ လွတ်လပ်စွာ ပစ္စည်းတွေကို လှူဒါန်းခွင့် ရဖို့ လိုပါတယ်။ ခုတော့ ဒေသ အာဏာပိုင်တွေဆီ ခွင်ပြုချက်ရမှ လှူရမယ်။ စစ်သားတွေ ဖွင့်ထားတဲ့ ဟိုဂိတ် သွားတိုင်ရ၊ ဒီဂိတ် သွားတိုင်ရနဲ့ သွားတိုင်ရတာက အလုပ် တစ်ခု ဖြစ်နေပါတယ်။ ကိုယ့်ပစ္စည်း ကိုယ်လှူတာတောင် ဒီလောက်တောင် အလုပ်များ နေရတယ်ဆိုတော့ အလှူရှင်တွေက အထူး စိတ်ပျက်နေကြတယ်။ အဲသလို လုပ်တာ တကယ် မတရား ဘူးဗျာ။ လုပ်လည်း မလုပ်သင့်ဘူးလို့ မြင်ပါတယ်။”

ယခုအခါ ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူနှင့် တခြားမြို့နယ်များမှ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များမှာ မြေပုံမြို့ရှိ ခလရ ၂၇၀ တပ်ရင်းမှ ခွင့်ပြုချက်ရမှသာ ရေဘေးသင့် ဒေသကို ၀င်ခွင့်ရသည်ဟု သိရသည်။

ဝင်ခွင့် ရသော်လည်း အဆိုပါ ပစ္စည်းများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကျေးရွာ ရယက လူကြီးများမှတဆင့် ဖြန့်ဝေခွင့် လှူဒါန်းခွင့် ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ နံနက်က မြေပုံမြို့နယ်မှ ပြင်ဝန်း ကျေးရွာသား တစ်ဦးကို မေးမြန်းကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“အစပိုင်းတုန်းကတော့ ကယ်ဆယ်ရေး အဖွဲ့တွေ ချက်ချင်း မလာရောက်ခဲ့ကြပေမဲ့ ခုတော့ အန်ဂျီအို အဖွဲ့တွေ၊ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ တော်တော်များများ ရောက်လာပါတယ်။ ဒါပေမယ့် လူမှုအဖွဲ့အစည်းတွေကို ရေဘေးသင့် ကျေးရွာတွေကို တိုက်ရိုက် မပေးဝင်ဘူး။ ဂိတ်တွေမှာ အစစ်အဆေး လုပ်တယ်။ လှူမယ် ဆိုလို့ရှိရင် သူတို့ဆီက ခွင့်ပြုချက် ယူရတယ်။ ဒါကြောင့် တချို့ အလှူရှင် အဖွဲ့တွေ ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်နေရလို့ စိတ်ပျက် ငြီးငွေ့ နေတဲ့ အဖွဲ့တွေ အများကြီး ရှိပါတယ်” ဟု သူက ပြောပါသည်။

လေဘေးသင့် ဒေသများသို့ တရားဝင် အန်ဂျီအို အဖွဲ့များ သွားရောက် ကူညီလှူဒါန်းမူကို တစုံတရာ အတိုင်းအတာဖြင့် ခွင့်ပြု ထားသော်လည်း မြို့နယ် အသီးသီးမှ လူမှုကူညီစောင့်ရှောက်ရေး အသင်းအဖွဲ့များမှာ အဆိုပါ ဒေသကို ၀င်ရောက် လှူဒါန်းရန်အတွက် သက်ဆိုင်ရာ စစ်တပ်များ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း သိရသည်။

“အန်ဂျီအိုအဖွဲ့တွေမှာဆိုတော့ စစ်တပ်က သိပ်တားဆီးတာ မတွေ့ရဘူး။ သူတို့ အဖွဲ့တွေ ကျတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရတယ်။ တခြားလူမှု အဖွဲ့အစည်းတွေကျတော့ စစ်ဆေးတာများပြီး ကိုယ်တိုင်လှူခွင့်လည်း မပေးဘူးဗျ။ သက်ဆိုင်ရာကတဆင့် ပစ္စည်းတွေကို လှူခွင့် ရတယ်။ ကိုယ့်ပစ္စည်းကို တိုက်ရိုက်လှူခွင့် မရတဲ့အတွက် တချို့ အဖွဲ့အစည်းတွေက စိတ်ပျက်နေကြပုံ ရှိပါတယ်” ဟု တခြား ကျေးရွာသား တဦးက ပြောသည်။

အလှူရှင်များအပေါ် ယခုလို တားမြစ်မှုများ ရှိနေသည့်အတွက် ရေဘေးသင့် ဒေသများသို့ အချိန်မှီ ကူညီထောက်ပံ့ရေး ပစ္စည်းများ မရောက်ရှိနိုင်ဘဲ ဖြစ်နေသဖြင့် မလိုအပ်ပဲ ဒေသခံများ ပိုပြီး ဒုက္ခရောက်နေကြရကြောင်း သိရသည်။

 

 

 

 

Most read this week