ရခိုင် ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖေါက်

ရခိုင် ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖေါက်

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် ချမှတ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဌာန်းချက်များကို ချိုးဖေါက်....

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် ချမှတ်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပြဌာန်းချက်များကို ချိုးဖေါက်နေကြောင်း သတင်း ရရှိသည်။

“အဓိက ချိုးဖေါက်နေတာကတော့ ဘာသာရေး အဆောက်အဦးတွေမှာ မဲဆွယ်စည်းရုံးရေး လုပ်ပိုင်ခွင့် မရှိ ဆိုတဲ့ အတိအလင်း ပြဌာန်းထားတဲ့ ဥပဒေကို သူတို့က ချိုးဖေါက်ပြီး ကြံ့ဖွံ့ပါတီကို ခွင့်ပြုပေးနေတယ်လေ။ ဒါက သူတို့ ချမှတ်ထားတဲ့ ဥပဒေကို သူတို့ ချိုးဖေါက်တာဘဲ ဖြစ်ပါတယ်” ဟု စစ်တွေက နိုင်ငံရေးသမား တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သည် တခြားနိုင်ငံရေး ပါတီများကို ဘာသာရေး အဆောက်အဦးများ ဖြစ်ကြသည့် ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများတွင် မဲဆွယ်စည်းရုံးခွင့် မပြုသော်လည်း ကြံ့ဖွတ်ပါတီကိုမူ ဘာသာရေး အဆောက်အဦး များကို တစ်ခုပြီးတစ်ခု ခွင့်ပြုပေးနေသည်ဟု သူက ပြောသည်။

“ကြံ့ဖွံ့ပါတီက သြဂတ်စ်လ ၃၀ ရက်နေ့က စစ်တွေမြို့ တရားသီးစု ရပ်ကွက် ဓမ္မာရုံမှာ ညနေ ၇ နာရီမှာ မဲဆွယ်စည်းရုံးရေး လုပ်သွား ခဲ့ပါတယ်။ စက်တင်္ဘာလ ၉ ရက်နေ့က ဆိုရင် ကျေးပင်ကြီး ရပ်ကွက် ဓမ္မာရုံမှာ လုပ်ပါတယ်။ စက်တင်္ဘာလ ၂၁ ရက်နေ့ကဆိုရင် သင်္ခါရတနာ ဘုန်းတော်ကြီး ကျောင်းမှာ ကြံ့ဖွတ်ပါတီက မဲဆွည်စည်းရုံးရေး လုပ်သွားခဲ့ပါတယ်။”

၎င်းအပြင် ကြံ့ဖွံ့ပါတီသည် စက်တင်္ဘာလ ၁၇ ရက်နေ့က ခေါင်းလောင်းကျောင်း ဓမ္မာရုံတွင်၎င်း၊ စက်တင်္ဘာလ ၂၅ ရက်နေ့က ဆင်ကူးလမ်း ဓမ္မာရုံတွင်၎င်း၊ အဆိုပါနေ့တွင်ပင် ရဲကျော်သူ ကျောင်းတွင်၎င်း၊ ယင်းနောက်ပိုင်းတွင် လမ်းမတော်မြောက် ကိုင်းရှည် ဘုန်းတော်ကြီး ကျောင်းတွင်၎င်း၊ မိဇံရပ်ကွက် ဧစေတီ ဓမ္မာရုံတွင်၎င်း၊ အနောက် စံပြရပ်ကွက်တွင် ဘုန်းတော်ကြီး ကျောင်းများတွင် မဲဆွယ်စည်းရုံးရေးကို ပြုလုပ်သွားခဲ့သည်။

“ရခိုင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရခိုင်မှာ ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် တဖက်တလမ်းက လုပ်ပေးနေရတော့ ခုလို ချမှတ်ထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ဖို့ ဖြစ်လာရတာပေါ့။ ခုလို အခြေအနေကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ လုံးဝ ဖြစ်လာနိုင်ဖို့ အခြေအနေ မရှိသလို တခြားပါတီတွေ အနိုင်ရဖို့ ဆိုတာကတော့ တော်တော်ကို ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းအပြင် ကြံ့ဖွတ်ပါတီသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ အကူအညီကို ယူပြီး ရခိုင်လူထုကို အခွင့်အရေး ပေး၍ တမျိုး ခြိမ်းခြောက်၍ တဖုံနည်းမျိုးစုံဖြင့် မဲအနိုင် ရရှိရေးအတွက် ကြိုးပမ်းနေကြောင်း သတင်းများ ရရှိသည်။

 

 

 

 

Most read this week