ဘူးသီးတောင်- မောင်တော ကားလမ်း ပုံမှန် အခြေအနေရောက်ရန် တလခန့် အချိန် လိုမည်

ဘူးသီးတောင်- မောင်တော ကားလမ်း ပုံမှန် အခြေအနေရောက်ရန် တလခန့် အချိန် လိုမည်
by -
မောင်အေး
မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမူကြောင့် အပိုင်းပိုင်း ကျိုးပြတ်သွားသော ဘူးသီးတောင်- မောင်တော ကားလမ်းကို နဂို ပုံမှန် အခြေအနေသို့ ရောက်ရန် အတွက် ပြန်ပြင်ရန် အနည်းဆုံး အချိန် တလခန့် ကြာမြှင့်မည်ဟု အမည် မဖေါ်လိုသူ အင်ဂျင်နီယာ တဦးက ပြော...

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမူကြောင့် အပိုင်းပိုင်း ကျိုးပြတ်သွားသော ဘူးသီးတောင်- မောင်တော ကားလမ်းကို နဂို ပုံမှန် အခြေအနေသို့ ရောက်ရန် အတွက် ပြန်ပြင်ရန် အနည်းဆုံး အချိန် တလခန့် ကြာမြှင့်မည်ဟု အမည် မဖေါ်လိုသူ အင်ဂျင်နီယာ တဦးက ပြောသည်။

“လမ်းက ဆိုးဆိုးရွားရွားကို ပျက်စီးသွားပါတယ်။ လိုဏ်ဂူုကြီးမှာ ဆိုရင် အပေါ်က မြေတွေ ပြိုကျလာတဲ့ အတွက် ဟိုဘက် ဒီဘက် ရွံ့နွံတွေ ပိတ်ဆို့နေတယ်။ တခြား နေရာ ၆ ခုမှာလည်း လမ်းတွေ ကျိုးပျက်နေသလို တံတားတချို့လည်း ရေထဲ ပါသွားတယ်။ အဆိုးရွားဆုံး ပျက်စီးမူ ဖြစ်ပါတယ်။ ကျွန်တော် သုံးသပ်တာက အနည်းဆုံး ပြန်ကောင်းဖို့ တလ အနည်းဆုံး အချိန် လိုပါလိမ့်မယ်။”

ဘူးသီးတောင်-မောင်တော ကားလမ်းတွင် လိုဏ်ဂူကြီး တစ်ခုနှင့် လိုဏ်ဂူငယ် တစ်ခုရှိပြီး မတ်စောက်သော တောင်တန်းများကို အောက်ခြေမှ ဖြတ်ကာ လိုဏ်ဂူ အဖြစ် ဖေါက်လုပ်ထားခြင်း ဖြစ်သည်။

ယခုအခါ လိုဏ်ဂူကြီးတွင် တောင်ပြိုကျရာမှ မြေများ ပိတ်ဆို့နေခြင်း ဖြစ်သည်။

“အခုအခါ ဒါတွေကို ပြန်ပြင်ဖို့အတွက် BAJ က လူတွေ တိုင်းနေကြပါတယ်။ သူတို့လည်း အနည်းဆုံး တလလောက် အချိန် လိုမယ်လို့ ပြောပါတယ်။ မောင်တော ဆောက်လုပ်ရေးနဲ့ လုံထိန်းတွေ ရဲတွေလည်း လိုဏ်ဂူကြီးကို ဖို့နေတဲ့ မြေတွေကို သယ်ထုတ် နေကြတာကို တွေ့ရပါတယ်” ဟု သူကပြောသည်။

ယခုကဲ့သို့ လမ်းကို ပြုလုပ်နေရတွင် စက်ကြီး ၃စီး ပါ၀င်ပြီး ပြိုကျလာသော မြေများကို ဖယ်ထုတ်နေကြောင်း သိရသည်။

ယခုအချိန်ထိ ဘူးသီးတောင်- မောင်တော ကားလမ်းမှာ ပိတ်နေပြီး ကားများဖြင့် အသွားအလာ လုပ်၍ မရသေးသဖြင့် ခရီးသွားပြည်သူများ ခြေလျင် သွားလာ နေကြ သည်ဟု သိရသည်။

ဘူးသီးတောင်-မောင်တောကားလမ်းကို အာဏာပိုင်များက မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် နှစ်စဉ် နှစ်တိုင်း မိုးရာသီ ရောက်တိုင်း ကားလမ်းမှာ မကြာခဏ ပျက်စီးလေ့ ရှိပြီး ယခုနှစ်တွင် အဆိုးရွားဆုံး ပျက်စီးမူ ဖြစ်သည်။

အလားတူ အလယ်သံကျော် တံတားနှင့် ကြိမ်ချောင်းတံတားလည်း ကျိုးသွားသဖြင့်် နယ်ကျေးရွာများနှင့် မောင်တောမြို့ အကြား အဆက်အသွယ်များမှာ ယခုအချိန်ထိ ပြတ်တောက်နေကြောင်း သိရသည်။

လွန်ခဲ့သည့် ၅ ရက်ခန့်က စပြီး မိုးရွာသွန်းမူကြောင့် ရေကြီး မြေပြိုကာ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် အထက်ပိုင်းတွင် လူပေါင်း ၁၀၀ ခန့်သေဆုံးခဲ့ပြီး လူနေအိမ် ရာချီပြီး ပျက်စီးခဲ့၍ လမ်းများ၊ တံတားများလည်း ကျိုးပျက်သွားခဲ့သည်။

မိုးရွာသွန်းမူမှာ ရပ်တန့်သွားပြီး ရေပြန်ကျသွားသော်လည်း ပျက်စီး ဆုံးရှံုးမူများကို ပြန်လည် ပြုပြင် တည်ဆောက်ရန်မှာ အချိန်များစွာ လိုမည် ဖြစ်ကြောင့် လေ့လာ သူများက ပြောသည်။

Most read this week