ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မှုနှင့် အတူ ရခိုင်ပြည်နယ်တွင် လုံခြံုရေး တင်းကျပ်

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မှုနှင့် အတူ ရခိုင်ပြည်နယ်တွင် လုံခြံုရေး တင်းကျပ်
by -
တာကလူး
ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် စစ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက် လာမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် အတွင်း လုံခြံုရေး တင်းကျပ်ထားရန် သက်ဆိုင်ရာမှ လုံထိန်း ...

(နိရဥ္စရာ) ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် စစ်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက် လာမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် အတွင်း လုံခြံုရေး တင်းကျပ်ထားရန် သက်ဆိုင်ရာမှ လုံထိန်း တပ်ရင်းများအား ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်ဟု အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် မြန်မာ- ဘင်္ဂလာနယ်စပ် တလျောက်တွင် ကာရံနေသော နယ်စပ် ခြံစည်းရိုး စီမံကိန်းမှ တာဝန်ကျနေသူ လုံထိန်းတပ်သား ၃၀၀ ကို ယမန်နေ့က ပြန်လည် ရုတ်သိမ်း သွားခဲ့သည်ဟု သူက ယခုကဲ့သို့ ပြောသည်။

“နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေတဲ့ နေရာမှာ တာဝန်ပေးထားတဲ့ လုံထိန်း ရဲတပ်သား ၅၀၀ ကျော်ခန့် ရှိပါတယ်။ အဲဒီအထဲက အင်အား ၃၀၀ ကို အထက် လူကြီးတွေရဲ့ ညွှန်ကြားချက် အရ ဆိုပီး ရခိုင်ပြည်နယ််ရဲ့ မြို့တော် စစ်တွေ အပါအဝင် တခြား အဓိကမြို့တွေမှာ လုံခြံုရေး တိုးမြှင့် ချထားနိုင်အောင် ပြန်ရုတ်သိမ်း သွားခဲ့ပါတယ်။”

နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲ ဥပဒေများ ချမှတ်ထုတ်ပြန်ချိန်တွင် လူထုအုံကြွမှုများ တစုံတရာ မဖြစ်ပေါ် စေရန် လုံထိန်းရဲတပ်ဖွဲ့ကို သာမက ပြည်သူ့ရဲတပ်ဖွဲ့ကိုလည်း လုံခြံုရေး တိုးမြှင့်ထားရန် အမိန့် ချမှတ်ထားသည်ဟု သူက ဆက်ပြောသည်။

စစ်တွေမြို့ခံ တစ်ဦးက နအဖက ရခိုင်ပြည်အတွင်း လုံခြံုရေး ပိုမို တင်းကျပ်ရန် ညွှန်ကြားထားခြင်း အပေါ် ယခုကဲ့သို့ ပြောသည်။

“ ရွေးကောက်ပွဲ ဥပဒေများ ချမှတ် ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ဒေသခံ လူထုတွေက နိုင်ငံရေးကို ပိုမို အာရုံစူးစိုက် လာကြပီး ဟိုတစု ဒီတစု ဆွေးနွေး မူတွေက ပိုများလာတယ်။ ဒါကြောင့် သူတို့က မလိုလား အပ်တဲ့ ပြဿနာတွေ တက်မှာကို စိုးရိမ်တဲ့ အတွက် ခုလို လုံထိန်းတွေကို ပြန်ခေါ်ပီး လုံခြံုရေးကို တင်းကျပ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်။ ”

၎င်းပြင် သူက “နအဖက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်တဲ့နေ့က စလို့ ကျွန်တော်တို့မြို့မှာ လူတွေက သတင်းစာဖတ်တာ၊ ပြည်တွင်း ပြည်ပ ရေဒီယိုတွေကို နားထောင်တာတွေက ခါတိုင်းနဲ့ မတူဘဲ ပိုများ လာနေတာကို တွေ့နေရတယ်လေ။ ခုရက်ပိုင်းအတွင်း လူတွေက နိုင်ငံရေးမှာ အာရုံစိုက်မှု ပိုများလာပါတယ်။ ဒါကြောင့် စစ်အစိုးရက ရခိုင်ပြည်ရဲ့ အဓိက မြို့တွေမှာ လုံခြံုရေး တင်းကျပ်ခိုင်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ်တွင် ဘုန်းတော်ကြီးများ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း နိုင်ငံရေးအရ တက်ကြွလွယ်သည့် အခါသမယ တိုင်းတွင် လူထုအုံကြွမှု တစုံတရာ မဖြစ်ပေါ်လာစေရန် အတွက် နအဖစစ်အစိုးရမှ ရခိုင်ပြည်နယ်ရှိ် ဘုန်းတော်ကြီးကျောင်းများ အပါ၀င် အဓိကကျသည့် မြို့ပေါ်ဒေသများတွင် လုံခြံုရေး ကို နှစ်ဆခန့် ပိုမို တိုးမြှင့်ပြီး တင်းကျပ် ထားလေ့ရှိသည်။

ယမန်နေ့က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ဥပဒေတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ၌ ပါ၀င်ယှဉ်ပြိုင်ခွင့် မရရှိရန် စီစဉ်ထားပြီး တရားရုံး တစ်ခုခုမှ ပြစ်ဒဏ် ချမှတ် စီရင်ခြင်း ခံထားရသူ နိုင်ငံရေး အကျဉ်းသားများ အားလည်း ရွှေးကောက်ပွဲတွင် ၀င်ရောက် မယှဉ်ပြိုင်နိုင်အောင် တားမြစ်ထားသည်။

ထိုကဲ့သိို့ တားမြစ်ချက်ကြောင့် လူထုအတွင်း မကျေနပ်မူများ တိုးပွားလာနေကြောင်း စစ်တွေက လာသော သတင်း တရပ်တွင် ဖေါ်ပြသည်။

ယမန်နေ့က ထုတ်ပြန်သော ရွှေးကောက်ပွဲ ပြဌာန်းချက် ဥပဒေ ထဲတွင် အစိုးရ ၀န်ထမ်းများနှင့် ဘုန်းတော်ကြီးများကိုလည်း နိုင်ငံရေး ပါတီများထဲတွင် မပါ၀င်ရဟု ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်တွင် အင်အား အကြီးမားဆုံး ပါတီ တခုဖြစ်သည့် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် တတိယ အမတ်အများဆုံး ရရှိသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ၂၀၀၈-ခု ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြန်လည် မပြုပြင်လျှင် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ဦးအေးသာအောင်က ယခုကဲ့သို့ ပြောသည်။

“နအဖစစ်အစိုးရက ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုသာ ပြန်မပြင်ဘူးဆိုရင် ကျွန်တော်တို့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ၂၀၀၈-ခု ဖွဲ့စည်းပုံမှာ ရခိုင်တို့လို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ဘာမှ မပါရှိတာကြောင့်ဖြစ်ပါတယ်။”

ယခုကဲ့သို့ သမာသမတ် မကျသော ရွှေးကောက်ပွဲ ဥပဒေကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား ရခိုင်နိုင်ငံရေး ပါတီများ အနေဖြင့်လည်း ရွှေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စိတ်အား ထက်သန်မူ ကင်းမဲ့နေကြသည်ဟု သိရသည်။

Most read this week